၁၄ရာစုလယ်မှစတင်ပြီး ၁၅ ရာစုနှစ်ဦးပိုင်းအထိဖြစ်ပွားခဲ့တဲ့ အင်းဝ-ဟံသာဝတီအနှစ်(၄၀)စစ်ပွဲကာလ ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ဘတစ်ပြန်ကျားတစ်ပြန...
၁၄ရာစုလယ်မှစတင်ပြီး ၁၅ ရာစုနှစ်ဦးပိုင်းအထိဖြစ်ပွားခဲ့တဲ့ အင်းဝ-ဟံသာဝတီအနှစ်(၄၀)စစ်ပွဲကာလ ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ဘတစ်ပြန်ကျားတစ်ပြန် တိုက်ခိုက်နေကြတဲ့အချိန် ထိုအချိန်တွင် အင်းဝသမိုင်းတစ်လျှောက် အလှဆုံးမိန်းကလေးလို့ကျော်ကြားတဲ့ ရှင်ဘို့မယ်ဟာ အင်းဝပြည့်ရှင်ဘုရင်မင်းခေါင်ရဲ့ကြင်ယာတော်ပါ။ မြန်မာရာဇဝင်မှာသိပ်ပြီးလှ၊ သိပ်ပြီးကျော့ရှင်းယဉ်ကျေးတယ်ဆိုတဲ့ ရှင်ဘို့မယ်ဟာ အင်းဝဘုရင်မင်းခေါင်ကိုလက်ထပ်ခဲ့စဉ်က အသက် ၁၇ ၁၈ ခန့်သာရှိပါသေးတယ်။
ဘုရင်မင်းခေါင်ဟာအောက်မြန်မာပြည်ဖြစ်တဲ့ဟံသာဝတီကိုစစ်ချီရာမှ သူ့ရဲ့ဇနီးချောလေး ရှင်ဘို့မယ်ကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ရလောက်အောင် မျက်စိအောက်ကအပျောက်မခံခဲ့ပါဘူး။ ဒါပေမဲ့ကာလရှည် စစ်ပွဲမှာ အင်းဝတပ်တွေဟာရိက္ခာပြဿနာကိုရင်ဆိုင်ရတာကြောင့် ဘုရင်မင်းခေါင်ဟာနောက်ချန်တပ် (၈)တပ်ကိုချန်ထားခဲ့ပြီး ဘုရင့်တပ်တော်ဟာဆုတ်ခွာပြန်ခဲ့ပါတယ်။
ဘုရင်မင်းခေါင်ဆုတ်ခွာသွားကြောင်းသိရှိတဲ့ ရာဇဓိရာဇ်ဟာ တပ်(၆)တပ်နဲ့အတင်းလိုက်လံတိုက်ခိုက်ပါ တော့တယ်။ ဘုရင်မင်းခေါင်ကလဲ နောက်ချန်တပ်ကြီး(၈)တပ်ကိုအားကိုးပြီး သတိလက်လွတ်ပြန်ဆုတ်ခွာ လာတဲ့အချိန် တောအတွင်းပုန်းအောင်နေတဲ့ ဟံသာဝတီရဲ့နာမည်ကျော်စစ်သူကြီး လဂွန်းအိမ်တပ်နဲ့တိုးပါတော့သည်။
ဒါပေမဲ့ဘုရင့်တပ်တော်ကိုမယှဉ်နိုင်လို့ လဂွန်းအိမ်တပ်ဆုတ်ခွာပေးရသည့်တိုင်အောင် ရာဇဓိရာဇ်တပ်ကြီးနောက်မှလိုက်လာတာမို့ ဘုရင်မင်းခေါင်ကိုယ်တိုင်ဆင်ပြောင်းစီးပြီး ကစဉ်ကလျားတပ်ပျက် ဆုတ်ပြေးရပါတယ်။ (ထိုတိုက်ပွဲတွင် ဘုရင်မင်းခေါင်ကိုယ်တိုင် ထမင်းသုံးနပ်လွတ်သွားသည်ဟူ၏) ဒီလိုဆုတ်အပြေးမှာ မလွတ်တဲ့ဘုရင့်မိဖုရားနောက်တစ်ဦးဖြစ်တဲ့ရှင်မိနောက်နဲ့အပေါင်းအပါတွေဟာလဲ ရာဇဓိရာဇ်ရဲ့လက်တွင်းကို ရောက်ရှိသွားပါတော့တယ်။
ဒီနေရာမှာပိုပြီးကံဆိုးတာကတော့ ဘုရင့်အသည်းကျော်ရှင်ဘို့မယ်ပါ။ ကစဉ်ကလျားအပြေးမှာ ဆင်ပေါ်က ပြုတ်ကျပြီးကျန်ခဲ့ပါတယ်။ နောက်ကလိုက်လာတဲ့အင်းဝတပ်ကဆင်တော်ရဲမြတ်စွာနဲ့ဆင်ဦးစီးတို့ကိုတွေ့မှ ရှင်ဘို့မယ်လဲအော်ဟစ်အကူအညီတောင်းရပါတော့တယ်။ ဒီတစ်ခါတော့ဆင်ဦးစီးနဲ့ဆင်ကဲအကျပ်ရိုက်ရပါပြီ။ ရှင်ဘုရင့်မိဘုရားကိုတွေ့ပါလျှက်မကယ်ခဲ့ရင် နောင်တစ်ချိန်မိဖုရားကကံကောင်းပြီးနေပြည်တော်ကိုပြန်ရောက်တဲ့အခါ ဘုရင်အမြတ်တော်ရှပြီးအသတ်ခံရမယ်၊ ကယ်ခဲ့ပြန်လို့ဘုရင်က သူ့မိဖုရားနဲ့နှစ်ယောက်တည်းဆင်စီးရမှာမို့ မယုံသင်္ကာဖြစ်ပြီးသတ်ရင်လည်းခံရအုံးမယ်။
နောက်ဆုံးဆင်ကဲဟာဆင်ဦးစီးကို "ငါတော့ဒုက္ခရောက်ပြီ မင်းတော့သတိထားပါ"လို့မှာပြီး ဘုရင့်မိဖုရားရှင်ဘို့မယ်ကိုဆင်ပေါ်တင်ခေါ်ခဲ့ပါတော့တယ်။ ဘုရင်မင်းခေါင်အင်းဝကိုပြန်ရောက်တဲ့အခါ လမ်းမှာကျန်ခဲ့ပြီးဟံသာဝတီဘက်ကဖမ်းသွားတဲ့ မိဖုရားရှင်မိနောက်ကို ရာဇဓိရာဇ်ကမိဖုရားဖမ်းမြှောက်လိုက်ပါတယ်။ မိဖုရားတစ်ပါးကိုဟံသာဝတီကသိမ်းသွား နောက်တစ်ပါးကတော့လမ်းမှာကျကျန်နေခဲ့တာ ဘယ်နားနေမှန်းမသိနဲ့ ဘုရင်မင်းခေါင်တစ်ယောက်ရည်းစားလူလုအူနုကျွဲခတ်ဆိုသလိုဖြစ်နေတဲ့အချိန်မို့ အင်းဝမှာကျင်းပနေကျနတ်ပွဲကျင်းပရင်တောင် အသံမထွက်စေရဘူးလို့ အမိန့်ထုတ်ထားလိုက်ပါတယ်။(ဖီးလ်တာ ဖီးလ်တာဆိုတာ)
ဘုရင်မင်းခေါင်လဲ မထူးဇာတ်ခင်းပြီး မိဖုရားရှင်ဘို့မယ်ကိုရှာဖို့မြင်းသည်ကျော် ၂၀ ကိုစေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်းမတွေ့ခဲ့ပါဘူး။ နောက် ၁၀ ရက်လောက်နေမှ မိဖုရားရှင်ဘို့မယ်နဲ့ဆင်ကဲတို့ပြန်လာတဲ့ အခါကျမှ ဘုရင်မင်းခေါင်ခမျာသက်ပြင်းချနိုင်ပါတော့တယ်။ ဘုရင်လဲဝမ်းသာပြီး ဆင်ဦးစီးနဲ့ဆင်ကဲကိုဆုတွေဘာတွေချီးမြှင့်ပေါ့။ ဒါပေမဲ့ပြဿနာကမအေးပါဘူး။ ၁၇ ၁၈ အရွယ် မိဖုရားချောချောလှလှလေးနဲ့ ဆင်ကဲတို့ တောထဲမှာ တစ်လလောက်ပျောက်နေတဲ့ကိစ္စကိုတွေးရင်း ဘုရင်မင်းခေါင်တစ်ယောက်သောကတွေများရပါပြီ။ မိဖုရားကိုလည်းအားတိုင်း သတိရတိုင်း ဒီအကြောင်းကိုပဲတစ်မေးတည်းမေးနေပါတော့တယ်။ ရှင်ဘို့မယ်ကလဲခပ်အေးအေးပဲ ဆင်ဦးစီးဆင်ကဲကကယ်ခဲ့ကြောင်း လမ်းမှာ ဘာမှာမဖြစ်အောင်စောင့်ရှောက်ခဲ့ကြောင်း ရှင်းပြတာပေါ့။
ကံကြမ္မာခေတဲ့တစ်နေ့မှာတော့ မိဖုရားရှင်ဘို့မယ်ဟာ ရှင်ဘုရင့်ဘေးမှာ ကွမ်းညှပ်ရင်း မတော်တဆကွမ်းညှပ် ပြုတ်ကျရာမှ ပါးစပ်က "အို ဆင်ကဲလေ"ဆိုပြီးယောင်ပြီးထွက်မိသွားပါတယ်။ ဒီမှာတင် နဂိုကတည်းက အလိုလိုအူတိုနေတဲ့ ဘုရင်မင်းခေါင်တစ်ယောက်မိုးမီးလောင်ပါလေရောလား။ ဆင်ကဲကိုဖမ်းပြီးစစ်ဆေးမေးမြန်းတဲ့အခါ ဆင်ကဲက ဖြစ်ကြောင်းကုန်စင်ကို လမ်းမှာသေချာစောင့်ရှောက်ပါကြောင်း ရှင်ဘုရင့်မိဘုရား အိပ်စက်တဲ့အခါလင့်စင်ပေါ်တင်ထားပြီး ဆင်ဦးစီးနဲ့မိမိတို့က မြေပေါ်မှာအိပ်ပါကြောင်း"လျှောက်တင်ပေမဲ့လည်း မိဖုရားရဲ့ "အို ဆင်ကဲလေ"ဆိုတဲ့စကားကြီးက ဘုရင့်ရဲ့အသည်းထဲထိကိုစူးနစ်သွားပါပြီ။ ဆင်ကဲဘယ်လိုလျှောက်တင်တင်နားထောင်ကောင်းအောင်လျှောက်ပြောနေတာပဲဟု ဆုံးဖြတ်ကာ သူ့ဖာသာစွဲချက်တင် သူ့ဖာသာကောက်ချက်ချပြီး "သတ်စေ"အမိန့်ချမှတ်ခဲ့ပါတယ်။ (ယောက်ျားများအူတိုပြီဆိုရင်ကြောက်စရာ)
မိဖုရားခမျာလည်းသူ့ကြောင့် အသက်သခင်ဆင်ကဲ သေရပါတယ်ဆိုပြီး လူးလှိမ့်ငိုယိုပါသတဲ့။ နောက်မှ ဆင်ဦးစီးကိုခေါ်စစ်တဲ့အခါ ဖြစ်ကြောင်းကုန်စင်ကိုသိပြီးနောင်တကြီးစွာရပြီး သေဆုံးသွားတဲ့ဆင်ကဲရဲ့သားကို ဆင်ကဲအပိုင်စားရတဲ့ရွာကိုလည်းပေး ဆင်ကဲရာထူးလည်းပေးပြီးချီးမြောက်ထားလိုက်ပါတယ်။
ဒီလိုနဲ့မိဖုရားတစ်ပါး ပါးစပ်ကယောင်ပြီးထွက်သွားတဲ့"အို ဆင်ကဲလေ"ဆိုတဲ့စကားလေးဟာ မြန်မာရာဇဝင်မှာ အမှတ်ရစရာစကားတစ်ခွန်းအဖြစ်ကျစ်ရစ်ခဲ့ပါတော့တယ်။
သက်တံ့နောင်(Wizardry Myanmar)