ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလများတွင် မြန်မာ့မင်းနေပြည်တော်တွင် မှူးမတ်များမညီမညွတ်ဖြစ်ခြင်း၊ မင်းသားတို့သွေးကွဲကြခြင်း စသည့်အပျက်အပျက်ဖြင့...
ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလများတွင် မြန်မာ့မင်းနေပြည်တော်တွင် မှူးမတ်များမညီမညွတ်ဖြစ်ခြင်း၊ မင်းသားတို့သွေးကွဲကြခြင်း စသည့်အပျက်အပျက်ဖြင့် နှာခေါင်းသွေးထွက်မည့်ကိစ္စမျိုးတွေအများကြီးဖြစ်ခဲ့ပါသည်။ ထိုခေတ်ကာလ မြန်မာ့သမိုင်းတွင် အထင်ရှားဆုံးဗီလိမ်ကြီး သို့မဟုတ် လူမိုက်ကြီးအဖြစ်ကျော်ကြားသူမှာ မြင်ကွန်း မြင်းခုန်တိုင်အရေးတော်ပုံကြီး၏ပဲ့ကိုင်ရှင် မြင်ကွန်းမင်းသားပင်ဖြစ်ပါသည်။
ထို့အပြင် မြန်မာ့ရာဇဝင်ကို ပြန်ပြောင်းပြောကြသူတိုင်း၏နှုတ်ဖျားတွင် အိမ်ရှေ့စံကနောင်ကိုယ်တော်ကြီးကို လုပ်ကြံခဲ့သည့် မြင်ကွန်းမင်းသားသည် ရာဇဝင်လူဆိုးတစ်ဦးအနေဖြင့် အမြဲတစေပါနေတတ်လေသည်။ ထို့အပြင် ကနောင်မင်းသားကြီးကိုချစ်ကြသော နှောင်းမြန်မာလူမျိုးတို့၏ပုံပြင်ထဲတွင်လည်း မြင်ကွန်းမင်းသားသည် လူဆိုးကြီးအဖြစ်သာပါဝင်လေ့ရှိသည်။ သို့သော်ရာဇဝင်လူဆိုး မြင်ကွန်းမင်းသားသည် မြန်မာတို့၏ ရာဇဝင်သူရဲကောင်း ကနောင်မင်းသားကြီး၏ သားမက်တော်ဖြစ်လေသည်။
မြင်ကွန်းမင်းသားကို ၁၂၀၅ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက်တွင်ဖွားမြင်၍ ငယ်အမည်မှာ မောင်မျိုးအေးဖြစ်သည်။ ငယ်စဉ်ကတည်းက မရယ်မပြုံးခပ်တည်တည်နေတတ်သဖြင့် သီလဝ ဟူသောဘွဲ့ရခဲ့သော သူဖြစ်သည်။ မြင်ကွန်းမင်းသားသည် ငယ်စဉ်ကတည်းကပင်ဘာသာတရားကိုင်းရှိုင်းတတ်သော်လည်း မဟုတ်မခံ ဆတ်ဆတ်ကြဲစိတ်ဓာတ်မျိုးရှိသူဖြစ်သည်ဟုရာဇဝင်ကျမ်းတို့တွင်ဖော်ပြထားပါသည်။
ကိုယ်တိုင်လဲ ပညာရှိတို့ကိုရိုသေကိုင်းရှိုင်းတတ်ပြီး ဓားခုတ်လှံထိုးစသောအတတ်ပညာ မြင်းစီးဆင်စီး စသောအတတ်ပညာတို့တွင် ဘကြီးတော်သူ ကနောင်မင်းသားကြီးကိုအားကျခဲ့သူဖြစ်ပြီး ထိုပညာရပ်တို့တွင် အလွန်ထူးချွန်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ အစပိုင်းတွင် ကနောင်မင်းသားကြီးနှင့်မြင်ကွန်းမင်းသားတို့သည် အလွန်ချစ်ခင်ကြသူများဖြစ်ပြီး မြင်ကွန်းမင်းသားသည် ကနောင်မင်းသားကြီး၏ အိမ်တော်ကိုလာလည်ပါက ကနောင်မင်းသားကြီးလက်တော်သုံးကွမ်းအစ်ကို ပေးသည်အထိချစ်ခင်ကြသူဖြစ်သည်ဟု မြင်ကွန်းမင်းသား၏မြေးတော် ထိပ်တင်မြင့်မှ BBCနှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်ကို မှတ်သားဖူးပါသည်။
မြင်ကွန်းမင်းသားနှင့်မိသားစုပန်းချီကား (BBC)
သို့သော် ၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက်နေ့တွင် မင်းတုန်းမင်းသားကြီးနန်းတက်၍ ကနောင်မင်းသားကို အိမ်ရှေ့အရာပေးရာမှပြဿနာစလေတော့သည်။ အဘယ်ကြောင့်ဆိုသော် မြင်ကွန်းမင်းသားသည် မင်းတုန်းမင်းသားကြီး အိမ်နိမ့်စံ(ဘုရင်မဖြစ်ခင်က)ရွှေရေးဆောင်မိဖုရားမှ မွေးသောသားဖြစ်ပြီး မင်းတုန်းမင်းသား၏ သား/သမီးများထဲတွင် အကြီးဆုံးဖြစ်၍ အိမ်ရှေ့စံအရာကိုရထိုက်သူဟု နောက်ပါတို့နှင့် နယ်ချဲ့အင်္ဂလိပ်တို့၏မြောက်ပင့်ပေးချက်အရ ကနောင်မင်းသားကြီး အိမ်ရှေ့စံဖြစ်သည်ကို အလိုလိုအငြိုးဖွဲ့လေသည်။
ကနောင်မင်းသားကြီးသည် ထက်မြက်သူဖြစ်သကဲ့သို့ပင် မြင်ကွန်းမင်းသားသည်လည်းခေသည့်သူမဟုတ်။ ဘုရင်ဖြစ်သူ မင်းတုန်းမင်းကြီးကိုပင်မထင်လျှင်မထင်သလို ခဏခဏပြန်ပြန်ပြောတတ်သည့် မဟုတ်မခံ အကျင့်ရှိသူဖြစ်သည်။ တစ်ခါသား မင်းတုန်းမင်းမှ သားတော်များစုံသည့်အချိန် ဟင်းချက်ခိုင်းလေရာ အခြားမင်းသားများက မချက်တတ်ကြောင်းလျှောက်သော်လည်း မြင်ကွန်းမင်းသားမှ မိမိအမဲသားဟင်းချက်တတ် ကြောင်း ခမည်းတော်ဘုရင်ကြီးစားသုံးလိုပါက ချက်ကျွေးမည်ဖြစ်ကြောင်း ပြန်လျှောက်လေသည်။ မင်းတုန်းမင်းသည် အမဲသားစားသူမဟုတ်သဖြင့် မြင်ကွန်းမင်းသား၏လျှောက်တင်ချက်ကိုကြားသောအခါ "ဟင်" တစ်လုံးသားရွတ်နိုင်၍ အတွင်းတော်သို့ဝင်သွားလေသည်။
၎င်းအကြောင်းကို မင်းသားငယ်များကကြားသောအခါ မြင်ကွန်းမင်းသားအား "နောင်တော်ဒါတော့လွန်တာပေါ့ ခမည်းတော်ကအမဲသားမှမဘုန်းတာကို" ဟုပြောသည်ကို မြင်ကွန်းမင်းသားက " နောင်တော်သိသားပဲ နန်းတော်မှာ လိုရာချက်ခိုင်းလို့ရတဲ့ စားဖိုမှူးတွေခန့်ထားပါလျှက် ဒို့ကိုအလုပ်မရှိ ဟင်းချက်ခိုင်းလို့ တမင်လျှောက်လိုက်တာ" ဟုသာပြန်လည်ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့သောမင်းသားပါပေ။
မင်းတုန်းမင်းသည် သားတော်များသာမဟုတ် မိဖုရားများလည်း ဟင်းချက်ခိုင်းခြင်း၊ တစ်ခါတစ်ရံမုန့်များ လုပ်၍ ဆက်သခိုင်းတတ်သူဖြစ်လေသည်။ တစ်ခါသော် မင်းတုန်းမင်းအတွက် မိဖုရားတို့မှ ဆက်သလာသော မုန့်မျိုးစုံတို့တွင် အလွန်နူးညံ့သည့်ပုံပေါ်သော်လည်း ကိုက်မရဖဲ့မရ မုန့်တစ်မျိုးပါလာသဖြင့် မိဖုရားတို့အား ခေါ်စစ်ရာ လက်သည်မပေါ်၊ မည်သူဆက်သမှန်းမသိ၊ နောက်ဆုံးမစားဘဲလွှင့်ပစ်လိုက်ရလေသည်။ စင်စစ်ထိုမုန့်သည် မြင်းကွန်းမင်းသား၏ မယ်တော် ရွှေရေးဆောင်မိဖုရားမှ ဆက်သသည့်မုန့်နေရာတွင် မြင်ကွန်းမင်းသားမှ ဆင်၏ လိင်အင်္ဂါကြီးအားကြော်ကာ မုန့်ပုံစံဖန်တီး၍ ဆက်သလိုက်ခြင်းဖြစ်လေသည်။
တစ်ခါလည်း မြင်းကွန်း မြင်းခုံတိုင်မင်းသားတို့သည် ငယ်ကျွန်များနှင့်အတူ မင်းတုန်းမင်းကြီး၏ မင်္ဂလာနွားတစ်ရှဉ်းလုံးကို ချက်ပြုတ်ကြော်လှော်၍ စားသောက်လိုက်ကြသဖြင့် မင်းတုန်းမင်းကြီး၏စေခိုင်းချက်အရ ဘကြီးတော် ကနောင်မင်းသားက နှစ်ပတ်ချုပ်ထား၍ ပြန်လွှတ်ပေးလိုက်လေသည်။ ထိုအခါနဂိုရန်ညှိုးမှ ပို၍ညှိုးလေတော့သည်။
ထို့ကဲ့သို့အညှိုးပေါ်အညှိုးဆင့်၍ ယောက်ခမတော်နှင့်မင်းတုန်းမင်းကြီးကိုပုန်ကန်၍ ထီးနန်းကိုလုရန် ညီတော်မြင်းခုန်တိုင်မင်းသားနှင့်တိုင်ပင်လေသည်။ ထိုအကြောင်းကိုရိပ်မိသွားသော ကနောင်မင်းသား၏သမီး မြင်းကွန်းမင်းသား၏ ဇနီးမှ ဖခင်ကနောင်မင်းသားကြီးအား ပရိယာယ်ဖြင့်လျှောက်ထားသည်ကို မြင်ကွန်းမင်းသားသိသွားသဖြင့် အိမ်တော်တွင် အင်္ဂတေဆုံထဲထည့်ထောင်း၍သတ်လိုက်လေသည်။
ထို့အကြောင်းကိုကနောင်မင်းသားကြီးကသိရှိသော်လည်း တူတော်မောင် သားမက်အားအပြစ်မယူဘဲရှိပြန်လေသည်။ စိတ်ထားကြမ်းတမ်း၍ ဆတ်ဆတ်ကြဲ မြင်ကွန်းမင်းသားသည် ငယ်ကျွန်များအားစုဆောင်း၍ မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် (၇)ရက်၊ ခရစ်နှစ် ၁၈၆၆ ခုနှစ် ြသဂုတ်လ ၇ ရက်နေ့တွင် အရေးတော်ပုံကြီးအားစတင်ရန်ကြံစီလေတော့သည်။
ထို့နေ့တွင် မင်းတုန်းမင်းကြီးသည် လောကမာရဇိန်ဘုရားတွင် ပိဋိကတ်တော်များအား ကျောက်စာရေးထိုးနေမှုအားကြီးကြပ်နေသည့်အချိန်ဖြစ်၍ ကနောင်မင်းသားကြီးသည် ယာယီလွှတ်တော်အနီးရှိ မင်းတဲထဲတွင် ပခန်းမင်းကြီးဦးရန်ဝေး၊ မြတောင်ဝန်ကြီးဦးမှိုတို့နှင့်အတူ သဿမေဓ အခွန်ကိစ္စများဆွေးနွေးနေသည့်အချိန်ဖြစ်သည်။ ပုန်ကန်မှုကြီးစတင်သည့်အချိန်တွင် မြင်ကွန်းနှင့်မြင်းခုန်တိုင်မင်းသားတို့သည် အချိန်းအချက်လုပ်၍ မြင်းခုန်တိုင်မင်းသားက ရှေ့မှပြေး၍ မြင်ကွန်းမင်းသားကဓားကိုင်၍ နောက်မှလိုက်လေသည်။ ၎င်းကိုကနောင်မင်းသားကြီးက တူတော်များရန်ဖြစ်သည်အထင်နှင့်တားရန်ကြိုးစားလေသည်။
သို့သော်လွှတ်တော်ဝင်းအတွင်းတွင် အိမ်ရှေ့စံကနောင်မင်းသားကြီးပင် ဓားကိုင်ခွင့်မရှိဘဲ မြင်ကွန်းတို့ညီနောင်တစ်စုမှ ဓားကိုင်၍ပြေးလာသည်ကို အိမ်ရှေ့စံမင်းသားကြီးကသတိပြုမိသွားလေသည်။ မြင်ကွန်းညီနောင်တို့၏အပြုအမူသည် မူမမှန်သဖြင့် စုံစမ်း၍ရှေ့သို့တိုးသွားသည့် မြတောင်ဝန်ကြီးဦးမှိုသည်လည်း နေရာတွင်ပင် မြင်ကွန်းမင်းသားမှ ဓားဖြင့်ခုတ်သဖြင့် ကွယ်လွန်လေသည်။
ကနောင်မင်းသားကြီးလည်း အန္တရာယ်ကိုမြင်သဖြင့် အမြန်ရှောင်ရန်လွှတ်တော်ပေါ်သို့ပြေးအတက်တွင် မြင်းကွန်းမင်းသား၏နောက်လိုက် ငဖြူသီးဆိုသူမှ နောက်မှဓားဖြင့်ခုတ်ရာ ခြေထောက်ထိပြီးလဲကျသွားစဉ်တွင် မြင်ကွန်းမင်းသားမှ အိမ်ရှေ့စံကနောင်ကိုယ်တော်ကြီး၏ခေါင်းအားဖြတ်ယူလိုက်လေတော့သည်။
ဆက်လက်ဖော်ပြပါမည်
သက်တံ့နောင်(Wizardry Myanmar)