Page Nav

HIDE

Breaking News:

latest

Ads Place

မြန်မာ့သမိုင်းမှာအထူးခြားဆုံးဖြစ်ရပ်နှင့် မြန်မာ့ရာဇဝင်မှာ အတုံးဆုံးဘုရင်

မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၈ရက် ခရစ်နှစ် ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ထို့နေ့သည် မြန်မာရာဇဝင်တွင်ထူးခြားသောနေ့တစ်နေ့...


မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၈ရက် ခရစ်နှစ် ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့
ထို့နေ့သည် မြန်မာရာဇဝင်တွင်ထူးခြားသောနေ့တစ်နေ့လည်းဖြစ်ပါသည်။ ထို့နေ့တွင် နန်းတောင်၏တောင်ဘက်အရပ်မှ နန်းတောင်၏မြောက်ဘက်အခြမ်းသိုလိပ်ပြာများဖြတ်ပျံခြင်း၊၊၊၊၊၊မြို့အရှေ့ဘက်တံခါးတွင် ဆင်ရိုင်းလာသေခြင်း၊ နန်းတော်ရှိဘုရင့်တံခွန်ကျခြင်း၊ မိုးကောင်းကင်တစ်ခုလုံးသွေးကဲ့သို့နီရဲခြင်း၊ နန်းတော်မြို့ရိုးတို့အက်ကွဲခြင်း၊ ပင်းယရှိရွှေစည်းခုံစေတီတို့ပြိုကျခြင်းများဖြစ်ခဲ့ကြောင်း မြန်မာရာဇဝင်တို့တွင်ဖော်ပြထားပါသည်။

ထိုဖြစ်ရပ်ဆန်းများဖြစ်နေသည့်အချိန် စဉ်ကူးမင်းသည် နန်းတော်တွင်မရှိ ခင်ဦးမြို့ရှိ အညာသီဟတောဘုရားသို့ဘုရားဖူးထွက်ခွာနေသည့်ကာလဖြစ်ပါသည်။ ထိုအချိန်တွင်အလောင်းမင်းတရားကြီး၏မြေးတော်၊ နောင်တော်ကြီးမင်း၏သားတော်ဖြစ်သည့် ဖောင်းကားရွာစားမောင်မောင်သည် ရုပ်တည်ကြီးနှင့် မင်းမြှောက်တန်ဆာငါးပါးအားဝတ်ကာ ပုလ္လင်ပေါ်တက်ထိုင်၍နန်းသိမ်းလိုက်လေသည်။ ထိုအချိန်သည် ကုန်းဘောင်မင်းနေပြည်တော်တွင် ဘုရင်စဉ်ကူးမင်းလည်းမရှိ ဘုရင့်စစ်တပ်လည်းမရှိသည့်အချိန်ဖြစ်သည်။ 
ဖောင်းကားစားမောင်မောင်သည် ကုန်းဘောင်နေပြည်တော်၏ဘုရင်ဖြစ်လာသည့်တိုင် ၎င်းတွင် စစ်တပ်လည်းရှိ သူရဲကောင်းဟူ၍လည်းမရှိ ၎င်းအပိုင်စားရသည့်ဖောင်းကားရွာမှာ ကျွန်ယုံတစ်ချို့သာပါလာလေသည်။ စိတ်ကူးယဉ်ဇာတ်လမ်းဆန်ဆန် နန်းသိမ်းခဲ့သော မောင်မောင်သည် လောလောလတ်လတ်တွင် တတိယမြန်မာနိုင်ငံတော်၏ ဘုရင်တစ်ပါးအဖြစ်စာရင်းဝင်သွားလေသည်။

နန်းတက်ပြီးနောက် ၎င်းကိုးကွယ်သည့် ဗေဒင် နက္ခတ်ကျွမ်းကျင်သည့် ဆရာတော်အားနန်းတော်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ရာ ဆရာတော်မှ ၎င်း၏ဗေဒင်ပညာဖြင့် အနောက်အရပ်မှကုက္ကိုလ်ပင်အားခုတ်မှသာ နန်းသက်ရှည်မည်ဖြစ်ကြောင်း ဝိနည်းလွတ်အခါပေးခဲ့သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်၍ ဤမျှသာမိန့်သော်လည်း ဆရာတော်ပြောလိုသည့် အဓိပ္ပာယ်မှာ စဉ်ကူးမင်းနန်းတက်စဉ်က နန်းလုမည်စိုး၍အဝေးသို့ပို့ထားသည့် မင်းသားဦးဝိုင်း(ဗဒုံမြို့စား)အား သုတ်သင်ရန်ဖြစ်လေသည်။

သို့သော် မဟာပညာကျော်ဖောင်းကားစားမောင်မောင်မင်းသည် နန်းတော်အနောက်ဘက်ရှိ ကုက္ကိုလ်ပင်ကြီးအားအမှန်တကယ်ပင်ခုတ်လှဲလိုက်လေသည်။ ဤသို့ဖြင့် နန်းတက်ပြီး (၇)ရက်အကြာ မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက် တနင်္လာနေ့တွင် ဗဒုံမြို့စားမင်းသားမောင်ဝိုင်းသည် ပင်းတလဲမင်းသား၊ စည်သာမင်းသားတို့နှင့်ပူးပေါင်း၍ စစ်သည် ၃၀၀ ခန့်ဖြင့်သာ ဝိုင်းဝန်းလုပ်ကြံလိုက်ပြီး ခုခံပေးမည့်သူမရှိသည့် ဖောင်းကားစားမောင်မောင်ဘုရင်အား နန်းချလိုက်လေတော့သည်။ ထိုနေ့တွင် နန်းတော်တွင် အာဏာလုပွဲကြီးဖြစ်ပွားသည်ကို တိုင်းသူပြည်သားတို့ပင်သိရှိလိုက်ခြင်းမရှိဟု ရာဇဝင်တို့တွင်ဖော်ပြထား ပါသည်။

ဗဒုံမင်းနန်းတက်ပြီးနောက် ဖောင်းကားစားမောင်မောင်အား ကတ္တီပါအိတ်ဖြင့်ထုတ်၍ ဧရာဝတီမြစ်အတွင်း ပစ်ချအဆုံးစီရင်လိုက်လေသည်။ ဖောင်းကားစားမောင်မောင်ဆက်ဆော့သဖြင့် အချောင်နန်းကျဘုရင်ဖြစ်သွားသည့် စဉ့်ကူးမင်းသည်လည်း အညှိုးရှိသည့် ဗဒုံမင်းက ဖမ်းပြီးကွပ်မျက်သဖြင့် ကံကုန်ရရှာလေသည်။

ဤသို့ဖြင့် မြန်မာ့ရာဇဝင်တွင် ထူထူးဖြစ်ရပ်ဆန်းများဖြစ်ခဲ့သည့် နေ့တစ်နေ့တွင် မြန်မာ့ရာဇဝင်တွင် အတုံးဆုံးပုဂ္ဂိုလ်ဖြစ်လာမည့် ဖောင်းကားရွာစားမောင်မောင်သည် ကုန်းဘောင်မင်းဆက်၏မင်းတစ်ပါးဖြစ်ခဲ့ပါသည်။

သက်တံ့နောင်(Wizardry Myanmar)


Latest Articles