ပျူစောထီး အခုတလောခေတ်စားနေတဲ့နာမည်တစ်ခု ပျူစောထီးအဖွဲ့ကဆိုပြီး ခြိမ်းခြောက်စာတွေလိုက်ပစ်နေတာတွေလဲရှိသလို ဗုံးတွေလိုက်ခွဲနေတယ...
ပျူစောထီး အခုတလောခေတ်စားနေတဲ့နာမည်တစ်ခု ပျူစောထီးအဖွဲ့ကဆိုပြီး ခြိမ်းခြောက်စာတွေလိုက်ပစ်နေတာတွေလဲရှိသလို ဗုံးတွေလိုက်ခွဲနေတယ်လို့လဲ သတင်းတွေထွက်နေတယ် တလောကမြန်မာနိုင်ငံအလယ်ပိုင်းကမြို့တစ်မြို့မှာ ပျူစောထီး တစ်ယောက်ကို ဗုံးတွေနဲ့ဖမ်းမိတယ်လို့လဲ ဖတ်လိုက်ရတယ်။ ဆိုတော့ပျူစောထီး အဖွဲ့ဆိုတာဘာလဲ ပျူစောထီးတွေကဘာတွေလုပ်ခဲ့တာလဲ ဘာတွေဆက်လုပ်ဦးမှာတဲ့လဲ ရာဇဝင်သူရဲကောင်းပျူစောထီးနာမည်ကိုယူထားတဲ့ ဒီအဖွဲ့ကဘယ်လမ်းစဉ်ကိုလိုက်မှာလဲ စသည်ဖြင့်စသည်ဖြင့် မေးခွန်းပေါ်မေးခွန်းထပ်ပြီး မျက်စိလည်စရာကိစ္စတွေပေါ်ထွက်လာရ ပါတယ်။
သမိုင်းကိုပြန်ကြည့်ရရင် ပျူစောထီးအဖွဲ့ဆိုပြီးစောဆုံးပေါ်ထွက်လာတာက လွတ်လပ်ရေးရပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှလို့ ယူဆနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်း မှာတော့ ဖဆပလရယ်၊ ပျူစောထီးရယ်၊ ဗိုလ်ချုပ်နေဝင်းရဲ့စစ်အာဏာသိမ်းမှုတွေရယ်ဟာ သုံးပွင့်ဆိုင်ဇာတ်ရှုပ်ကြီးတစ်ခုလည်းဖြစ်ခဲ့ပြန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီး နောက်ပိုင်း ဒီကာလဟာ မြန်မာနိုင်ငံမှာ အယူအဆလမ်းစဉ်တွေကွဲပြီး ပြည်တွင်း စစ်မီးအကြီးအကျယ်တောက်လောင်နေတဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါအပြင် ဒီအချိန်ဟာ အစိုးရနဲ့တပ်မတော်တို့နှစ်ဦးကြား သဘောထားစတင်ကွဲလွဲခဲ့တဲ့အချိန် လို့လဲဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလအစိုးရတက်လာတဲ့ ဒီအချိန်တွေဟာ မြန်မာနိုင်ငံမှာပထမဆုံပါတီစုံဒီမိုကရေစီစနစ်ထွန်းကားခဲ့တဲ့အချိန်ပါပဲ။ အဲ့ဒိခေတ်တုန်းက ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့တပ်မတော်ဟာ အရပ်သားကာကွယ်ရေးဝန်ကြီးချုပ်ရဲ့ လက်အောက်မှာပဲနေရာရခဲ့ပြီး ဒီအရပ်သားကာကွယ်ရေးဝန်ကြီးကလဲအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်မှုအောက်မှာပဲတည်ရှိနေခဲ့တာဖြစ်ပါတယ်။
ဗကပအရေး၊ ကရင့်တော်လှန်ရေးကိစ္စ၊ အနောက်ဘက်က မူဂျာဟစ်သူပုန်များ အရေးစတဲ့စတဲ့ ပြည်တွင်းရောင်စုံပုန်ကန်မှုကြီးကြောင့် ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ ဖဆပလအစိုးရအဖွဲ့ဟာ ဗိုလ်ချုပ်နေဝင်းရဲ့ တပ်မတော် အတွက်အထောက်အကူဖြစ်စေဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို အတုယူပြီး ဖဆပလပါတီအကြီးပိုင်း တစ်ချို့နဲ့ စစ်တပ်ခေါင်းဆောင်တစ်ချို့ဦးစီးတဲ့ ပျူစောထီးတပ်ဖွဲ့လို့ခေါ်တဲ့ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ ဒီကာကွယ်ရေးတပ်ဖွဲ့မှာအရွယ်ရောက်ပြီးတဲ့ အရပ်သားတွေကို စစ်ပညာသင်ပေး ထိုက်သင့်တဲ့လက်နက်တွေတပ်ဆင်ပြီး စစ်တပ်ကပုန်ကန်မှု့တွေကိုဦးဆောင်နှိမ်နင်းနေတဲ့အချိန် ပြည်တွင်းတရားဥပဒေစိုးမိုးမှု့ကို ဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ဟန်တူပါတယ်။
ဒါ့အပြင် ဗိုလ်နေဝင်းရဲ့တပ်မတော်ကိုစည်းစနစ်နဲ့အညီဖြစ်စေဖို့ Union Military Police (UMP) လို့ခေါ်တဲ့ ပြည်ထောင်စုစစ်ရဲတပ်ရင်းတွေကိုလည်းဖွဲ့စည်းခဲ့ပါသေးတယ်။ (စစ်ဘက်ဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တစ်ခုဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံး ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ဗိုလ်မှူးအေးချိုသည် ၎င်းပြည်ထောင်စုစစ်ရဲတပ်ရင်းမှဖြစ်သည်)
ဒါပေမဲ့အစိုးရက ဒီလိုတပ်ဖွဲ့တွေဖွဲ့စည်းတာကို ဗိုလ်နေဝင်းရဲ့စစ်တပ်ကသိပ်မကြည်ခဲ့ ပါဘူး။ အစိုးရကစင်ပြိုင်စစ်တပ်ဖွဲ့စည်းတယ်လို့အမြင်စောင်းလာခဲ့ကြပါတယ်။ စစ်တပ်ရဲ့ အမြင်စောင်းမှု့ကိုခံရတဲ့ ဖဆပလအစိုးရရဲ့ ပျူစောထီးတပ်တွေဟာ ဖဆပလပါတီရဲ့ လက်ကိုင်ဒုတ် အဖြစ်နာမည်ဆိုးနဲ့ကျော်ကြားနေပြီလို့ စွပ်စွဲခံရမှု့တွေရှိလာပါတော့တယ်။
ဒီလိုစွပ်စွဲမှု့တွေကို ပထမဆုံးပြုလုပ်ခဲ့တာက ဖဆပလကနေခွဲထွက်သွားတဲ့ အတိုက်အခံ ပမညတပါတီကဖြစ်ပါတယ်။ ဖဆပလကြီးနှစ်ခြမ်းကွဲပြီးတဲ့နောက်ပိုင်းမှာတော့ ပျူစောထီးတွေဟာ တည်မြဲဖဆပလကိုသစ္စာခံပြီး ပြည်သူတွေအပေါ်ကို လက်နက်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးနေတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။
အဲ့ဒိအချိန်မှာ ဖဆပလအစိုးရက ပြည်တွင်းသောင်းကျန်းမှု့များကို ကျယ်ကျယ် ပြန့်ပြန့်ထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေးအသုံးစရိတ်ကို သိန်းသုံးထောင်ကျော်အထိ တိုးမြှင့်ချထားပေးခဲ့ရာ ဒီအချက်ကအတိုက်အခံပမညတပါတီရဲ့ထောက်ကွက်ကြီး တစ်ခုဖြစ် လာခဲ့ပါတယ်။ ဒါ့အပြင် ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖဆပလအစိုးရဟာ ပြည်တွင်း သောင်းကျန်းမှု့တွေကိုထိန်းချုပ်နိုင်မှု့မရှိခြင်း၊ ကာကွယ်ရေးအသုံးစရိတ်များ အလွန်အကျွံ သုံးစွဲနေသည်ဟူသောစွတ်စွဲချက်များဖြင့် နိုင်ငံရေးပုံရိပ်သည်အကြီးအကျယ်ကျဆင်းလျှက်ရှိ ပြီး ပျူစောထီးတပ်ဖွဲ့များကိုလည်း ပါတီလက်ကိုင်ဒုတ်အဖြစ် အနိုင်ကျင့်ဗိုလ်ကျမှု့များကို ပြုလုပ်နေသည်ဟု စွပ်စွဲခံရကာ ရွေးကောက်ပွဲမတိုင်မီ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ သာယာဝတီ လေးလောင်းပြိုင်လူသတ်မှု့ကြီးသည် ဖဆပလရဲ့ ပျူစောထီးများလက်ချက်လို့ အတိုက်အခံပါတီကစွပ်စွဲခဲ့ကြပါတယ်။
၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ ဖဆပလအစိုးရတစ်ဖွဲ့လုံး ရုတ်တရက် နုတ်ထွက်လိုက်ကြပြီး ဝန်ကြီးချုပ်ဦးနုက ဗိုလ်နေဝင်းကိုဝန်ကြီးချုပ်အဖြစ် အာဏာလွှဲအပ်ပေးခဲ့ပါတယ်။ ဒါဟာစစ်တပ်ကိုနိုင်ငံရေးလောကအတွင်းကိုဆွဲခေါ်မိခဲ့တဲ့ ပထမဆုံးအမှားတစ်ခုလို့လဲပြောနိုင်ပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့မှာတော့ အရပ်သားအများအပြားပါဝင်ပါသေးတယ်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရရဲ့ပထမဆုံးထုတ်ပြန်ခဲ့တဲ့အမိန့်ကတော့ စစ်တပ်မဟုတ်တဲ့ အခြားအရပ်သားကာကွယ်ရေးတပ်တွေကို လက်နက်ရုတ်သိမ်းဖို့အမိန့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဖဆပလရဲ့လက်ကိုင်ဒုတ်လို့ကျော်ကြားတဲ့ ပျူစောထီးတွေရဲ့ဇာတ်လမ်းဟာ နိဂုံးချုပ်ခဲ့ရပါတယ်။ ပျူစောထီးနဲ့အရပ်သားကာကွယ်ရေးတပ်တွေနိဂုံးချုပ်ခဲ့သလို ဖဆပလအစိုးရကြီးဟာလဲ သိပ်မကြာခင်မှာပဲနိဂုံးချုပ်ခဲ့ရပါတယ်။
၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ရွေးကောက်ခံမဟုတ်တဲ့ ပုဂ္ဂိုလ်ဟာ အစိုးရအဖွဲ့မှာ ၆ လ သာတာဝန်ထမ်းဆောင်ခွင့်ရှိတာကြောင့် ၆ လအတွင်း ရွေးကောက်ပွဲမလုပ်ပေးနိုင်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့အိမ်စောင့်အစိုးရဟာ နိုင်ငံတော်အာဏာကို ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်အပ်နှံဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဦးနုရဲ့မဟာပြိုင်ဘက် တည်မြဲဖဆပလရဲ့ ဦးကျော်ငြိမ်းက ဗိုလ်ချုပ်နေဝင်းရဲ့နိုင်ငံတော်အာဏာကိုဆုတ်ကိုင်ထားဖို့ အကန့်အသတ်ဖြစ် နေတဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁၁၆ ယာယီပြင်ဆင်ခွင့်ကိုလွှတ်တော်မှာတင်သွင်း ပြီးအနိုင်ရခဲ့တာကြောင့် အိမ်စောင့်အစိုးရဟာ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲအထိ နိုင်ငံတော် အာဏာကိုဆုပ်ကိုင်ထားခဲ့ပါတယ်။ ဒီအချက်ကဗိုလ်ချုပ်နေဝင်းကို အာဏာယစ်မူးစေခဲ့တဲ့ အချက်ဆိုရင်လဲမမှားပါဘူး။
၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်အရ ဦးနုရဲ့ သန့်ရှင်းဖဆပလကသာအနိုင်ရခဲ့တာကြောင့် အိမ်စောင့်အစိုးရဟာ ဦးနုကို အာဏာပြန်လည် ပေးအပ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပြည်တွင်းစစ်မီးကတောက်လောင်နေတဲ့အချိန် တိုက်ဆိုင်စွာ ပေါ်ပေါက်လာတဲ့ ပထမဆုံးသမ္မတကြီးစပ်ရွှေသိုက်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ လှုပ်ရှားမှု့ကို တိုင်းပြည်ပြိုကွဲဖို့လမ်းစလို့အကြောင်းပြပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်ကအာဏာတက် သိမ်းလိုက်ပြီး ပါတီစုံဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို ဆိုရှယ်လစ်နစ်အသက်သွင်း အုပ်ချုပ်ခဲ့ပါတော့တယ်။
ပြည်ထောင်စုစစ်ရဲတပ်ရင်းတွေကို ပြည်စောင့်ရဲတပ်ဖွဲ့အဖြစ်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းမှာတော့ ပြည်ထောင်စုရဲတပ်ဖွဲ့အဖြစ် ဗိုလ်ချုပ်နေဝင်း ရဲ့လမ်းညွှန်မှု့တွေနဲ့အညီပြင်ဆင်ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီလိုဆိုရင် တစ်ချိန်ကပျူစောထီးတပ် တွေကို ဘယ်သူကထိန်းချုပ်ခဲ့တယ် ဘယ်လိုနာမည်ဆိုးတွေနဲ့ကျော်ကြားခဲ့သလဲဆိုတာကို အတော်အတန်တီးမိခေါက်မိပြီလို့ထင်ပါတယ်။
ဦးနတ်ရဲ