မြန်မာ့သမိုင်းတွင် အစွမ်းထက်သူရဲကောင်းစစ်သူကြီးဟုဆိုလိုက်လျှင် စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဒုလကိုသာပြေးမြင်ကြသည်။ သို့သော်မြန်မာ့သမိုင်းတွင် စ...
မြန်မာ့သမိုင်းတွင် အစွမ်းထက်သူရဲကောင်းစစ်သူကြီးဟုဆိုလိုက်လျှင် စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဒုလကိုသာပြေးမြင်ကြသည်။ သို့သော်မြန်မာ့သမိုင်းတွင် စစ်သူကြီးမဟာဗန္ဒုလကဲ့သို့ပင် အစွမ်းထက်ပြီး ပြည်ပရန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော အခြားမေ့လျော့ခံသူရဲကောင်းများစွာရှိသေးပါသည်။ ၄◌င်းတို့အထဲတွင် စစ်သူကြီးမဟာသီဟသူရလည်းတစ်ဦးအပါအဝင်ဖြစ်ပါသည်။
စစ်သူကြီးမဟာသီဟသူရကို ခရစ်နှစ်(၁၇၂၀)ခုနှစ်တွင် ရွှေဘိုမြို့တွင်မွေးဖွားခဲ့ပြီး တတိယမြန်မာနိုင်ငံတော် တည်ထောင်သူအလောင်းမင်းတရားကြီးဦးအောင်ဇေယျ၏ အထူးယုံကြည်ကိုးစားခြင်းခံရသော လက်ရွေးစင်မြင်းရေတက်တပ်ဖွဲ့ဝင် သူရဲကောင်း (၆၈)ဦးတွင်တစ်ဦးအပါအဝင်ဖြစ်၍ မြန်မာ-ယိုးဒယားစစ်ပွဲ၊ မြန်မာ-တရုတ်စစ်ပွဲများတွင် ခြိမ့်ခြိမ့်သဲအောင်ပွဲခံခဲ့သည့်သူရဲကောင်းတစ်ဦးလည်းဖြစ်ပါသည်။ မဟာသီဟသူရသည် အလောင်းမင်းတရားလက်ထက်မှစတင်၍ ဘိုးတော်မင်းတရားလက်ထက်တိုင် မင်းဆက်(၆)ဆက်တိတိ နှစ်ပေါင်းသုံးဆယ်ကျော် မြန်မာ့ဘုရင့်တပ်တော်၏ဦးစီးချုပ်စစ်သူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော သက်တော်ရှည်ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်ပြီး မြန်မာ့သမိုင်းတွင် နိဂုံးမလှခဲ့သည့်သူရဲကောင်းတစ်ဦးလည်းဖြစ်ပါသည်။
ထို့အပြင်ကုန်းဘောင်မင်းဆက်တွင် အလောင်းမင်းတရား၏လူယုံတော်ဖြစ်ယုံသာမက အလောင်းမင်း တရား၏ သားတော်ဆင်ဖြူရှင်မင်းနှင့်မယားညီအကိုတော်စပ်၍ ဆင်ဖြူရှင်မင်း၏သားတော် စဉ်ကူးမင်း၏ ယောက္ခထီးလည်းတော်စပ်သူဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင်ထို့သို့မင်းများနှင့်အမျိုးဆက်တိုက်တော်စပ်သည့် ပုဂ္ဂိုလ်များများစားစားမရှိပေ။
ကုန်းဘောင်မင်းဆက်တည်ထောင်ရာတွင် စွမ်းစွမ်းတမံပါဝင်ခဲ့သော မဟာသီဟသူရသည် ပထမ တရုတ်မြန်မာစစ်ပွဲအပြီး ၁၇၆၅ ခုနှစ်တွင် ဇင်းမယ်ခရိုင်မငြိမ်မသက်ဖြစ်သဖြင့် ချီတက်တိုက်ခိုက်ခဲ့ရပြန်သည် ထိုမှတစ်ဆင့်မဏိပူရ အာသံသို့ထပ်မံချီတက်တိုက်ခိုက်ရပြန်သည်။ ထို့သို့တိုက်ခိုက်နေစဉ်အတွင်း ဒုတိယအကြိမ် တရုတ်တို့မှကျူးကျော်တိုက်ခိုက်လာပြန်ရာ ဒုတိယတရုတ်မြန်မာစစ်ပွဲကိုဦးစီး၍တိုက်ခိုက်ရာတွင် လည်းအောင်ပွဲများရရှိခဲ့ပြန်လေသည်။ ထို့အပြင်တတိယတရုတ်မြန်မာစစ်ပွဲတွင် တရုတ်တို့၏နာမည်ကျော် စစ်ဘုရင်မင်ယွီ၏တပ်များအား ယှဉ်ပြိုင်တိုက်ခိုက်ရာအနိုင်ရသဖြင့် မဟာသီဟသူရသည် အလွန်နာမည် ကြီးလာပြီး မြန်မာ့တပ်မတော်၏ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လာခဲ့လေသည်။
အမှတ်မရှိသောတရုတ်တပ်များသည် ၁၇၆၉ ခုနှစ်တွင် တရုတ်ဧကရာဇ်၏အတိုင်ပင်ခံအမတ်ကြီး ဖူဟင်း ဦးဆောင်သော တရုတ်တပ်များစတုထ္ထအကြိမ်ထပ်မံတိုက်ခိုက်လာပြန်ရာ ဗိုလ်ချုပ်မဟာသီဟသူရမှ ခုခံတိုက်ခိုက်ရာ နောက်ဆုံးတွင် တရုတ်တို့၏ရွှေညောင်ပင်ခံတပ်ကြီးအား မြန်မာတပ်များအောင်မြင်ပြီး ကောင်းတုံတွင် တရုတ်တို့အား မြန်မာတပ်များဝိုင်းထားမိသောအခြေအနေအထိဖြစ်လာခဲ့လေသည်။
ထိုအချိန်တွင် တရုတ်တို့စစ်ပြေငြိမ်းရန် ကမ်းလှမ်းလာသည်ကို မြန်မာတပ်မှူးများကလက်ခံလိုခြင်းမရှိသော်လည်း မဟာသီဟသူရကမူ မြန်မာတပ်များစစ်ပန်းလာသည့်အခြေအနေကို မျှော်တွေး၍ ကောင်းတုံစစ်ပြေငြိမ်းစာချုပ်ကိုချုပ်ဆိုရန်ဆုံးဖြတ်ခဲ့သည်။ ထို့အချိန်တွင် တတိယမြန်မာနိုင်ငံတော်သည် ယိုးဒယားတို့ကိုလည်းကောင်း၊ တရုတ်တို့ကိုလည်းကောင်း၊ မဏိပူရတွင်လည်းကောင်း စစ်ရေးအရရင်ဆိုင်နေရသဖြင့် မြန်မာ့ဘုရင့်တပ်များသည် ရေရှည်စစ်ကြောင့်ပင်ပန်းနေပြီဟုတွေးကာ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် ကောင်းတုံစစ်ပြေငြိမ်းစာချုပ်တွင် တရုတ်တို့သည် မြန်မာဘာသာဖြင့်ရေးသားထားသော စစ်ပြေငြိမ်းစာချုပ်တွင် သာမန်ရေးသားထားသော်လည်း တရုတ်ဘာသာဖြင့်ရေးသားထားသော စစ်ပြေငြိမ်းစာချုပ်တွင် မြန်မာတို့သည်အပြီးတန်ချေမှုန်းခြင်းခံရနိုင်သော်လည်း သနားထောက်ထားသောအားဖြင့် စစ်ပြေငြိမ်းပေးလိုက်သည့်သဖွယ် ကလိမ်ကကျစ်ကျ၍ရေးသားခဲ့သည်ကို စစ်သူကြီးမှသိရှိခဲ့ခြင်းမရှိပေ။
စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုပြီး၍ နှစ်ဖက်လက်ဆောင်ပဏ္ဍာများလဲလှယ်ပြီးသောအခါ မြန်မာတပ်များသည် နေပြည်တော်သို့ချက်ခြင်းဆုတ်ခွာခြင်းမပြုသေးပဲ တရုတ်များအား နယ်စပ်အထိတိုင်အောင်တပ်များဝန်းရံ၍ ပို့ဆောင်ခဲ့ပြီး ၄◌င်းအချိန်တွင် စစ်ပြေငြိမ်းစာချုပ်နှင့် ပဏ္ဍာများအားနေပြည်တော်သို့အပို့လွှတ်လိုက်လေသည်။ ဆင်ဖြူရှင်မင်းသည် စစ်ပြေငြိမ်းစာချုပ်ကိုတွေ့သောအခါ ၄◌င်း၏သဘောထားမပါဘဲ စစ်ပြေငြိမ်းလိုက်ခြင်းကြောင်းလည်းကောင်း၊ ဗြဲတိုက်တော်တွင် တရုတ်ဘာသာတတ်မြောက်သူများဖြင့် တရုတ်ဘာသာဖြင့်ရေးသားထားသော စာချုပ်အားဘာသာပြန်သောအခါ တရုတ်တို့၏နှိမ်ချဆက်ဆံမှုများအားသိရှိရသောအခါ အမျက်ရှပြီး ရောက်ရှိလာသောလက်ဆောင်များအား မဟာသီဟသူရကတော်မှစ၍ အောက်ဆုံးအဆင့်သွေးသောက်များ၏ မိသားစုဝင်များအား ရွက်ထားစေလျှက်ဒဏ်ပေးလေတော့သည်။
ဆက်မည်