ဒုတိယ တရုတ်-မြန်မာစစ်ပွဲအပြီးတွင် မြန်မာတို့အား နှစ်ကြိမ်တိုင်တိုင်ရှုံးနိမ့်ထားသော တရုတ်ဧကရာဇ်သည် အခဲမကျေဖြစ်လျှက် သက္ကရာဇ် ၁၁၂၉ ခုနှစ် တွင...
ဒုတိယ တရုတ်-မြန်မာစစ်ပွဲအပြီးတွင်မြန်မာတို့အား နှစ်ကြိမ်တိုင်တိုင်ရှုံးနိမ့်ထားသော တရုတ်ဧကရာဇ်သည် အခဲမကျေဖြစ်လျှက် သက္ကရာဇ် ၁၁၂၉ ခုနှစ် တွင် ဧကရာဇ်၏သားမက်တော်လည်းဖြစ်၍ မွန်ဂိုတို့၏ထူးချွန်သောနာမည်ကျော်စစ်သူကြီးဖြစ် သည့် စစ်ဘုရင်မင်ယွီကို ယူနန်ဘုရင်ခံအဖြစ်ခန့်အပ်လေသည်။ ဘုရင်ခံသစ် စစ်ဘုရင်မင်ယွီသည်လည်း ရှေးကကြုံခဲ့ရသောရှုံးနိမ့်မှုများအား ချေပရန် ယူနန်တွင်အကြီးအကျယ်စစ်ပြင်ပြန်လေသည်။ မင်ယွီသည် ယူနန်နယ်မြေခံတပ်များသည် အပျင်းကြီး၍ လေ့ကျင့်မှုမရှိဟုယုံကြည်သဖြင့် တရုတ်တပ်တော်၏ထိပ်တန်း စစ်တပ်ဖြစ်ပြီး ဧကရာဇ်ကိုယ်တိုင်တိုက်ရိုက်အမိန့်ပေးရသည့်မွန်ဂိုအလံကိုင်တပ်များကိုတောင်းခံလေသည်။ ဧကရာဇ်ကလည်းသမက်တော်ကိုယုံကြည်သဖြင့် ဘေကျင်းတပ်မကြီးဖြစ်သည့်အပြာရောင်အလံကိုင်တပ်မှ မြင်းတပ်များအပါအဝင်တပ်သား၁၀၀၀၀၊ ဘုရင့်ကိုယ်ရံတော်တပ်ဖြစ်သည့် အဝါရောင်အလံကိုင်တပ်မှ သေနတ်ကိုင်တပ်သား၇၀၀၀၊ အနောက်ဘက်နယ်ခြားတပ်ဖွဲ့ဖြစ်သည့် အနီရောင်အလံကိုင်တပ်မှ ခြေလျှင်တပ်သား ၁၂၀၀၀ ပါဝင်သည့်မွန်ဂိုအလံကိုင်တပ်အား ယူနန်သို့စေလွှတ်ပေးလေသည်။
ဤသို့ဖြင့် မင်ယွီသည် ခရစ်နှစ် ၁၇၆၇ ခုနှစ်တွင် မွန်ဂိုအလံကိုင်တပ်၊ အစိမ်းရောင်တပ်တော်များအပါအဝင် စုစုပေါင်းအင်အား ၂ သိန်းခန့်ဖြင့် မြန်မာပြည်သိမ်းတိုက်ပွဲကြီးကိုစတင်လေတော့သည်။ မင်ယွီသည် ၄◌င်း၏တပ်အား စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ပထမစစ်ကြောင်းကို မန်ချူးဗိုလ်ချုပ်အာတင်အော်အား ဗန်းမော်၊ ကောင်းတုံအားတိုက်ခိုက်ရန် စစ်သည် ၅၀၀၀၀ ဖြင့်စေလွှတ်လိုက်သည်။ ပင်မစစ်ကြောင်းအား မင်ယွီကိုယ်တိုင်ဦးစီး၍ ဝမ်တိန်မှတစ်ဆင့် သိန္နီသို့ ၈ ရက်အတွင်းအပြင်းချီတက်လာလေသည်။ သိန္နီရှိမြန်မာ အရာရရှိများလည်း တရုတ်တပ်များ၏အလစ်အငိုက်တိုက်ခိုက်မှုအားရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိသဖြင့် နာရီပိုင်းအတွင်းတွင်ပင်သိန္နီကိုတရုတ်တို့အလွယ်တကူရရှိလိုက်လေသည်။ ပထမစစ်ကြောင်းချီဗိုလ်ချုပ်အာတင်အော်၏တပ်များသည်လည်း ထိုနှစ်ကုန်ပိုင်းတွင် ဗန်းမော်အားအနိုင်ရရှိပြီး မြန်မာတို့၏ အရှေ့မြောက်ဒေသတွင် အကြီးဆုံးခံတပ်ကြီးဖြစ်သည့် ကောင်းတုံခံတပ်အားဝန်းရံမိထားပြီဖြစ်ပါသည်။
ထို့သို့ဖြစ်နေသောအချိန်တွင်မြန်မာနေပြည်တော်တွင် မြန်မာတပ်တော်၏ခေါင်ချုပ်ဖြစ်သောဗိုလ်ချုပ်သီဟသူရသည် ဇင်းမယ်တွင်အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲကာလဖြစ်လေသည်။ မြန်မာဘုရင်နှင့် တပ်ချုပ်တို့သည် ဒုတိယတရုတ်-မြန်မာစစ်ပွဲကိုအနိုင်ရရှိပြီးနောက် တရုတ်များနောက်ထပ်တိုက်ခိုက်လာမည်ကို မြန်မာအထောက်တော်များမှ တစ်ဆင့်သိရှိနေခဲ့သော်လည်း မြန်မာတပ်များသည် ၃ နှစ်ကျော်ကြာ စစ်မျက်နှာ ၃ ခု(ယိုးဒယား၊ တရုတ်၊ မဏိပူရ)မှ ရန်သူများအားရင်ဆိုင်တိုက်ခိုက်နေရသဖြင့် ပင်ပန်းနေပြီဖြစ်ရာ ဘုရင့်တပ်တော်အားအနားပေး၍ အရန်တပ်အားလည်း မိမိနေရပ်များသို့ပြန်လည်စေလွှတ်ကာ အနားပေးထားရန်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အရှေ့မြောက်ဒေသ၏အကြီးဆုံးမြန်မာခံတပ်ကြီးဖြစ်သည့် ကောင်းတုံတွင် စစ်ကဲကြီးဗလမင်းထင်ဦးစီးသည့်စစ်သည်(၆၀၀၀)ခန့်သာရှိပြီး အခြားတပ်ဖွဲ့ငယ်များပါပါဝင်မှ စစ်သည်စုစုပေါင်း(၂၀၀၀၀)ခန့်သာရှိသည့်အနေအထားဖြစ်ပါသည်။
မြန်မာတပ်တော်သည် အရှေ့မြောက်ဒေသရှိ အာတင်အော်၏တပ်များကိုသာအာရုံစိုက်လျှက်ရှိရာ မင်ယွီ၏တပ်များ ရုတ်တရက် သိန္နီအားသိမ်းပိုက်လိုက်သောအခါမှ မြန်မာတို့သည်မိမိတို့အလစ်အငိုက်မိပြီဖြစ် ကြောင်းသိရှိတော့သည်။ ထိုသို့သိရှိသည်နှင့်တစ်ပြိုင်နက် ဆင်ဖြူရှင်မင်းသည် ဝန်ကြီးမဟာစည်သူအား တပ်ပေါင်း(၃၀)၊ ဆင်(၃၀၀)၊ မြင်း(၃၀၀၀)နှင့် အင်အား ၃၅၀၀၀၀ ရှိသောတပ်အားပင်မတပ်မကြီးအဖြစ် လည်းကောင်း၊ ဇင်းမယ်ရောက်နေသော မင်းကြီးမဟာသီဟသူရအား တပ်ပေါင်း(၂၀)၊ ဆင်(၂၀၀)၊ မမြင်း(၂၀၀၀)၊ စစ်သည်(၂၅၀၀၀)ဖြင့် လက်ယာချီတပ်မအဖြစ်လည်းကောင်း၊ လက်ယာဝင်းမှူးနေမျိုးစည်သူအား တပ်ပေါင်း(၁၀)၊ ဆင်(၁၀၀)၊ မြင်း(၁၀၀၀)၊ စစ်သည် (၁၂၀၀၀)ဖြင့် လက်ဝဲချီတပ်မအဖြစ်လည်းကောင်း ခုခံရန်စေလွှတ်လိုက်လေသည်။
မြန်မာတို့၏ဗျူဟာမှာ ပင်မစစ်ကြောင်းသည် သီပေါအနီးတွင်တပ်ချခုခံရန် လက်ဝဲကြောင်းချီတပ်မသည် သီပေါအနီးဘော်ကြိုတွင် တပ်ချရန်၊ လက်ယာကြောင်းချီတပ်မသည် သိန္နီတွင်တပ်စွဲထားသောတရုတ်တို့အားတိုက်ခိုက်ရန်ဖြစ်ပါသည်။ စင်စစ်ဆင်ဖြူရှင်မင်း၏အထင်တွင် ကောင်းတုံခံတပ်ရှိတပ်အား တရုတ်တို့၏ပင်မတပ်အဖြစ်လည်းကောင်း၊ သိန္နီရှိတပ်အားတရုတ်အရံတပ် အဖြစ်လည်းကောင်းထင်မှတ်၍ အရံတပ်အားတိုက်ခိုက်ပြီးမှ ကောင်းတုံရှိတပ်အား ဝိုင်းညှပ်တိုက်ရန် ဖြစ်လေသည်။
ဝန်ကြီးမဟာစည်သူ၏ပင်မစစ်ကြောင်းကြီးသည် ဂုတ်ထိပ်အနီးတွင် တပ်ချ၍ ကာကင်းများစီရင်ပြီးလျှင် တရုတ်တပ်များအား သီပေါစစ်မျက်နှာရှိ တရုတ်တပ်များအားထောက်လှမ်းခြင်းများပြုလုပ်လေတော့သည်။
၄◌င်းအချိန်တွင် ကောင်းတုံခံတပ်အားပိတ်ဆို့ထားသော တရုတ်ဗိုလ်ချုပ်အာတင်အော်သည် ပထမစစ်၊ ဒုတိယစစ်များတွင် တိုက်ခိုက်၍မရခဲ့သော မြန်မာတို့၏ကောင်းတုံခံတပ်အားအပြင်းအထန်တိုက်ခိုက်လေ တော့သည်။ ထိုအချိန်တွင် ဂုတ်ထိပ်ရှိမြန်မာပင်မတပ်၏ ရှေ့ပြေးကာကင်း(၇)တပ်သည် ကင်းထောက်ရင်း တရုတ်တပ်များနှင့်တိုးသောအခါ မနိုင်မှန်းသိသဖြင့်ပြန်ဆုတ်ခဲ့ရလေသည်။ ထိုမှတစ်ဆင့်ပင်မတပ်သို့ပူးပေါင်းရန် ညတွင်းချင်းပြန်ဆုတ်လာခဲ့သည်။ ထိုသို့ပြန်ဆုတ်သွားသည်ကို သိန္နီရှိ မင်ယွီသိသောအခါ ဂုတ်ထိပ်ရှိမတပ်အားတိုက်ခိုက်ရန် စစ်ကြောင်း(၃)ကြောင်းခွဲ၍ ဆင်းလာလေတော့သည်။
ထို့နေ့တွင် မင်ယွီ၏တပ်ကြီး(၂)တပ်သည် ပင်မတပ်နှင့်ရင်ဆိုင်တိုက်ခိုက်စေစဉ်တွင် အခြားစစ်ကြောင်းတစ်ခုသည် မြန်မာတပ်၏နောက်ပိုင်းသို့ရောက်ရှိနေပြီဖြစ်လေသည်။ ထိုအကြောင်းကိုသိရှိသော ဝန်ကြီးမဟာစည်သူသည် ၄◌င်းစစ်ကြောင်းအားခုခံရန် မြန်မာမြင်းတပ်တပ်မှူး(၃)ဦး၏အားဆောင်စေလျှက် မြင်းတပ် (၃၀၀၀)အားစေလွှတ်ခုခံစေသည်။ သို့သော်လည်းမြင်းစီးအတတ်တွင် မြန်မာတို့ထက်ပိုမိုကျွမ်းကျင်သည့် အပြင်တရုတ်ဧကရာဇ်၏လက်ရွှေးစင်အလံကိုင်တပ်များကပိုမိုအင်အားများပြားခြင်းကြောင့် မြန်မာမြင်းတပ်ပျက်ပြီး တပ်မှူး(၃)ဦးလည်း မြင်းပေါ်တွင်ပင်ကျဆုံးလေသည်။
ဂုတ်ထိပ်တိုက်ပွဲသည် တတိယတရုတ်-မြန်မာစစ်ပွဲတွင် ပထမဆုံးပင်မတပ်ခြင်းထိတွေ့သောတိုက်ပွဲဖြစ်ပြီး နှစ်ဖက်ညှပ်ခံရသော မြန်မာပင်မစစ်ကြောင်းပျက်၍ ပျောက်ကြားတပ်ငယ်များအဖြစ် အကျအဆုံးများစွာဖြင့် ပြန်ဆုတ်ရလေသည်။ ဂုတ်ထိပ်တိုက်ပွဲသည် တရုတ်-မြန်မာစစ်ပွဲကာလတွင် မြန်မာတို့ဘက်မှအကျအဆုံးအများဆုံးတိုက်ပွဲဖြစ်၍ တပ်သား(၅၀၀၀)ခန့်ကျဆုံးခဲ့ရလေသည်။
ဂုတ်ထိပ်ရှိပင်မတပ်ပျက်ကြောင်းသတင်းရရှိလျှင်း လက်ယာကြောင်းချီ မင်းကြီးမဟာသီဟသူရသည် ၄◌င်း၏တပ်အား သုံးဆယ်တွင်ခံစစ်ကြောင်းကြီးပြင်လေသည်။ ထိုခံစစ်ကြောင်းသည် ယခုခေတ်တွင် ပြင်ဦးလွင်၊ နောင်ချိုကြားမှသည် မိုးကုတ်ထိရှည်လျားသောခံစစ်ကြောင်းကြားဖြစ်ပြီး စစ်ပွဲကြီးမစခင်အချိန်ကပင် မင်းကြီးမဟာသီဟသူရပြင်ဆင်ထားသောခံတပ်(၁၆)တပ်ဖြစ်လေသည်။ ၄◌င်းခံစစ်ကြောင်းကြောင့်ပင် မြန်မာပင်မတပ်ကြီး လုံးဝပျက်စီးသွားခြင်းမရှိဟုလည်း ရာဇဝင်များတွင်ဖတ်ရှုရရှိပါသည်။
သုံးဆယ်တွင် ဝန်ကြီးမဟာစည်သူနှင့် မင်းကြီးမဟာသီဟသူရတို့၏တပ်များပေါင်းမိသွားပြီး လာရောက်တိုက်ခိုက်သော တရုတ်များအားဆီးကြိုခုခံရလေသည်။ ပထမစစ်နှင့်ဒုတိယစစ်တို့တွင် ကောင်းတုံခံတပ်ကို ပင်ကျော်လွှားနိုင်ခြင်းမရှိသော တရုတ်တို့သည် ဂုတ်ထိပ်တွင်ပင်မတပ်ကြီးအား တပ်စွဲထားနိုင်ရုံတင်မက ရှေ့ပြေးတပ်ဖွဲ့များဖြစ်သည့် တပ်လက်တံများသည် မန္တလေးတောင်အနီးသို့ပင်ချဉ်းကပ်နိုင်ခဲ့ကြလေသည်။
ဤတွင် မင်ယွီသည် သုံးဆယ်ခံစစ်ကြောင်းအားတိုက်ခိုက်ရန် တပ်ဖွဲ့များအားပြန်လည်စုစီးပြင်ဆင်လေတော့သည်။ ထိုအချိန်တွင် မင်းကြီးမဟာသီဟသူရသည် နေပြည်တော်သို့ သတင်းလျှောက်တင်ရန်ဆက်သားစေလွှတ်လိုက်လေသည်။ ၄◌င်းအချိန်တွင် ဆင်ဖြူရှင်မင်း၏မှူးမတ်များသည် မြို့ကိုအလုံပိတ်၍ မြို့တွင်းမှ ခုခံရန်အကြံပေးသော်လည်း ငယ်ရွယ်နုပျိုသောဆင်ဖြူရှင်မင်းသည် စစ်ဘုရင်ပီသစွာကျန်ရှိသော စစ်အင်အားတို့အားဖြည့်တင်းနောက်ဆုံးစစ်ပွဲကိုတိုက်ခိုက်ရန် သုံးဆယ်သို့စစ်ကူပေးပို့ရန်ပြင်ဆင်လေတော့သည်။ ဇင်းမယ်ရှိဘုရင့်တပ်တော်အားလည်းပြန်လည်ဆင့်ခေါ်လိုက်လေသည်။ ဤနေရာတွင်ထူးခြားချက်မှာ သာမန်အရပ်သားများကလည်း မင်းမိန့်ဖြင့်ဆင့်ခေါ်ရခြင်းမရှိဘဲ အိုးစားများစုဖွဲ့ဝင် ဘုရင့်တပ်တော်အတွင်းပါဝင်လာခြင်းဖြစ်ပါသည်။ ထို့နောက်သုံးဆယ်ခံတပ်သို့ စစ်ကူများတစ်ဖွဲဖွဲရောက်ရှိလာလေတော့သည်။ ထို့နောက်စစ်ပွဲကိုဆုံးဖြတ်ပေးနိုင်မည့် အကြီးဆုံးမဟာဗျူဟာကိုချမှတ်လိုက်လေသည်။ ၄◌င်းမှာ သုံးဆယ်ခံစစ်ကြောင်းမှ လက်ယာကြောင်းချီတပ်အားတိတ်တဆိတ်တပ်နုတ်ခါ သီပေါကိုကျော်၍ချီတက်လာကာ သိန္နီမှတစ်ဆင့်သီပေါရှိတပ်များကို ထောက်ပံ့ပေးနေသည့်စခန်းများအား ရုတ်ချည်းဝင်ရောက်တိုက်ခိုက်လေတော့သည်။
ထိုသတင်းကိုကြားသိရသောအခါ သိန္နီရှိမင်ယွီ၏စစ်သူကြီးများသည် တိုက်ခိုက်ရာလာရောက်လေတော့သည်။ ထိုသတင်းကိုကြားသောအခါ မဟာသီဟသူရသည် စစ်ကဲကြီးတိမ်ကြားမင်းခေါင်အား နတ်သျှင်ရွေးသေနတ်ကိုတပ်ဖွဲ့ပါဝင်သောစစ်သည် ၅၀၀၀ အားရှေ့ပြေးတပ်အဖြစ်စေလွှတ်လိုက်လေသည်။ ၄◌င်းရှေ့ပြေးတပ်နှင့်တရုတ်တပ်တို့သည် ဟိုတရွာအနီးတွင်အပြင်းအထန်တိုက်ပွဲဖြစ်ပွားကြလေသည်။ တိမ်ကြားမင်းခေါင်အား မဟာသီဟသူရမှပြန်လည်ဆုတ်ခွာခဲ့ရန်အမိန့်ပေးသော်လည်း တရုတ်တို့အထင်သေးမည်စိုး သဖြင့် ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ ဝါးတောအတွင်းခံတပ်တည်ကာအပြင်းအထန်ခုခံ၍နေလေသည်။
၄◌င်းခံတပ်တိုက်ပွဲတွင် တရုတ်တို့ထိခိုက်ကျဆုံးမှုများပြားသဖြင့် စစ်ကိုခဏနားထားချိန်တွင် မင်းကြီးမဟာစည်သူသည် တိမ်ကြားမင်းခေါင်၏တပ်များကျဆုံးပြီအထင်ဖြင့် အတင်းဖိတိုက်ရာတရုတ်တပ်များ လားရှိုးအထိပြန်ဆုတ်ရလေသည်။ လားရှိုးတွင်တရုတ်ရိက္ခာထောက်တပ်ကြီးရှိကြောင်းသတင်းရရှိသောအခါ မင်းကြီးမဟာသီဟသူရသည် ညတွင်းချင်းပင်လားရှိုးမြို့အထိတိတ်တဆိတ်ချီတက်၍ မနက်အာရုဏ်ဦး မြို့တံခါးဖွင့်သည်နှင့် မြို့အားအတင်းဝင်စီးရာ လားရှိုးတပ်ပျက်၍ တရုတ်တို့ကြူရှောအထိဆုတ်ရပြန်လေသည်။ သို့သော်လည်းမြန်မာတပ်တို့မှဆက်တိုက်လိုက်တိုက်ခိုက်သောအခါ ကြူရှောတပ်ပျက်၍ သိန္နီအထိ ပြန်ဆုတ်ရလေတော့သည်။
မင်းကြီးမဟာသီဟသူရသည်လည်း သိန္နီနှင့်မနီးမဝေးတွင် တပ်ကြီးချကာ ကွမ်းလုံဆိပ်လမ်းကြောင်းမှ ရိက္ခါပို့မည့်တရုတ်တပ်များအား တိုက်ခိုက်ရန် တိမ်ကြားမင်းခေါင်အားစေလွှတ်ပြန်လေသည်။ ထို့အချိန်တွင် ယိုးဒယားနှင့်ဇင်းမယ်တို့တွင်တပ်စွဲထားသောမြန်မာတပ်များနှင့် လက်ဝဲကြောင်းချီနေမျိုးစည်သူတပ်တို့လာရောက်ပူးပေါင်းမိလေသည်။ လက်ယာကြောင်းချီတပ်ကြီးသည် အလွန်အင်အားတောင့်တင်းလာချိန်တွင် တရုတ်တို့၏ပင်မထောက်ပံ့ရေးစခန်းဖြစ်သောသိန္နီကိုစစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဆင်တပ်များကိုရှေ့ကာ ထားကာမြို့ရိုးကိုဖြို၍တိုက်ရာ သိန္နီခံတပ်အားမြန်မာတို့ပြန်ရလေသည်။ တရုတ်တပ်မှူးလည်းခံတပ်တိုက်ပွဲတွင်ပင်ကျဆုံး၍ ကျန်ရှိသောတရုတ်တပ်များသည် သိန္နီ၏အနောက်ဘက်တွင် ခံတပ်ကြီးအခိုက်တည်၍နေသော တရုတ်စစ်သူကြီး စူတာလောရဲ၏တပ်ဆီသို့ပြန်ဆုတ်ရလေတော့သည်။
မြန်မာတပ်မှူးများလည်းနိုင်ချင်ကြက်သဖွယ် စူတာလောရဲ၏တပ်ကိုဆက်တိုက်တိုက်ခိုက်လိုသောလည်း မင်းကြီးမဟာသီဟသူရက စူတာလောရဲ၏တပ်သည် စစ်တိုက်ရခြင်းမရှိသေး၍ အင်အားအပြည့်ရှိသောတပ်ဖြစ်ပြီး တိုက်ရည်ခိုက်ရေကောင်းသောအနီရောင်အလံကိုင်တပ်များဖြစ်၍ မြန်မာတပ်များသည် စစ်ပန်းနေသောတပ်များဖြစ်သဖြင့် ဆက်တိုက်၍မဆုံးဖြတ်ဘဲ ၄◌င်းတရုတ်ခံတပ်အတွင်းသို့ ရေများသယ်ဆောင်မည့် စမ်းပေါက်များ၊ ချောင်းမြောင်းများတွင် တပ်ပုန်းများချထားလေသည်။ တရုတ်တပ်များရေခပ်လာသောအခါ မြန်မာတပ်များမှ သိန္နီရှိတရုတ်တပ်များမှရရှိသော သေနတ်များဖြင့် လက်တည့်စမ်းပစ်ခတ်ကြလေရာ တရုတ်တပ်များရေငတ်လာလေတော့သည်။ တစ်ပတ်ခန့်ကြာသည့်အခါမှ ၄◌င်းတပ်အားမြန်မာတို့အတင်းဝင်စီးရာ စူတလောရဲလည်း ကိုယ့်တပ်ကိုကိုယ်ကွပ်ကဲနိုင်ခြင်းမရှိတော့သဖြင့် လည်ပတ်အားဓားဖြင့်လှီးကာအဆုံးစီရင်သွားလေတော့သည်။ ဤသို့ဖြင့် မြန်မာပြည်သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သောအလံကိုင်(၃)တပ်အနက် တစ်တပ်မှာလုံးဝပျက်စီးသွားလေတော့သည်။
ထို့အချိန်တွင်ဆင်ဖြူရှင်မင်းသည် ညီတော်ဗဒုံမင်း အမြင့်မင်းတို့နှင့်အတူသုံးဆယ်ခံစစ်ကြောင်းသို့ချီတက်၍ ကိုယ်တိုင်ကွပ်ကဲတိုက်ခိုက်လေတော့သည်။ ဤအချိန်တွင် တရုတ်တို့၏ပင်မတပ်ဖြစ်သော မင်ယွီ၏တပ် သည် ရှေ့ဘက်တွင် ဆင်ဖြူရှင်မင်းဦးဆောင်သောသုံးဆယ်ခံစစ်ကြောင်း အနောက်ဘက်တွင် မင်းကြီးမဟာသီဟသူရဦးဆောင်သော တပ်မကြီးတို့၏ကြားတွင်ပိတ်မိနေလေသည်။ တရုတ်တပ်များရိက္ခာပျက်တောက်လာရုံသာမက တောတွင်းငှက်ဖျားနှင်းဝမ်းရောဂါကိုပါခံစားရသောအခါ တရုတ်တပ်များပို၍ချိနဲ့လာလေသည်။ ထိုအပြင်မြန်မာတပ်များနှင့်ရင်ဆိုင်ရသောနေရာသည် တောင်ပေါ်ဒေသများတွင်ဖြစ်သဖြင့် မြန်မာတပ်များက ဆင်များအပေါ်တွင် အမြောက်များတင်၍ ပစ်ခတ်တိုက်ခိုက်ကြသော်လည်း တရုတ်တပ်များတွင် အစွမ်းအထက်ဆုံး အပြာရောင်အလံကိုင်တပ်(မြင်းစီးတပ်မ)သည် ဤနေရာတွင်လုံးဝသုံးစားမရသော အခြေအနေအထိပင်ဖြစ်သွားလေသည်။ နောက်ဆုံးတွင် မင်ယွီ၏နောက်ဆုံးမျှော်လင့်ချက်မှာ ကောင်းတုံကိုဝိုင်းထားသော စစ်သူကြီးအာတင်အော်ဦးစီးသည့် အမှတ်(၂)တပ်တော်ကြီးသာဖြစ်တော့သည်။
တတိယတရုတ်-မြန်မာစစ်ပွဲ၏နောက်ဆုံးကဏ္ဍဖြစ်သော မင်ယွီ၏တပ်များကိုချေမှုန်းပုံအား နောက်ထပ်တစ်ပိုင်းတွင်ဆက်လက်ရေးသားဖော်ပြပါမည်။