Page Nav

HIDE

Breaking News:

latest

Ads Place

နိုင်ငံတစ်ခုတည်းကတပ်မတော်နှစ်ခုကတပ်ဖွဲ့နှစ်ခုအချင်းချင်းတိုက်ကြတဲ့တိုက်ပွဲ

            ကမ္ဘာ့စစ်သမိုင်းမှာ နည်းနည်းထူးခြားတဲ့တိုက်ပွဲတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံတစ်ခု အစိုးရတစ်ခုတည်းရဲ့ လက်အောက်ကတပ်မတော်နှစ်ခု ...

 


          ကမ္ဘာ့စစ်သမိုင်းမှာ နည်းနည်းထူးခြားတဲ့တိုက်ပွဲတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံတစ်ခု အစိုးရတစ်ခုတည်းရဲ့ လက်အောက်ကတပ်မတော်နှစ်ခု အချင်းချင်းတိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲပါ။ ဒါကတော့ ဂျာမန်ကြည်းတပ်မတော်နဲ့ နာဇီပါတီခါးပိုက်ဆောင်တပ် (SS)တပ်မတော် တို့တိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲပါ။ ကမ္ဘာ့စစ်သမိုင်းကို လေ့လာတဲ့အခါ ဂျာမနီဟာအမြဲထူးခြားပြီး ဂျာမန် နာဇီတပ်တွေဟာ အမြဲထူးထူးဆန်းဆန်းစမ်းသပ်မှုတွေ တီထွင်မှုတွေလုပ်တတ်တဲ့နေရာကနေ ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒီအစဉ်အလာအတိုင်းပါပဲ ဂျာမန်စစ်ဘက်ဟာထူးထူးဆန်းဆန်းတွေ လုပ်တတ်တဲ့နေရာမှာတော့ နိုင်ငံတစ်ခုတည်းပေမဲ့ တပ်မတော်နှစ်ခုရှိတဲ့နိုင်ငံဖြစ်ပြီး ဒီတပ်မတော်နှစ်ခု ကလဲ အချင်းချင်းမတည့်ကြပါဘူး။

          ပထမကမ္ဘာစစ် ဂျာမန်ပရပ်ရှားအင်ပါယာကြီးကျဆုံးအပြီးမှာ ဗာဆိုင်းစာချုပ်အရ ဂျာမန်တပ်မတော်ကို စစ်သည် ၁သိန်း အတိနဲ့သာ ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့်ဒီစစ်သည် ၁ သိန်းကိုရရှိဖို့ အတွက် ဂျာမန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟန်းဗွန်ဆက်က ပရပ်ရှားတပ်မတော်က ကောင်းပေ့တော်ပေ့ဆို တဲ့ နောင်ဗိုလ်ချုပ်ကြီးအာဝင်ရွန်းမဲလ်တို့လိုလူမျိုးတွေကိုဘဲထည့်ပြီး ဖွဲ့စည်းခဲ့တာပေါ့ ဒါကြောင့်စစ်ရဲအစပိုင်းမှာ ဂျာမန်တပ်ဟာ ကမ္ဘာ့ဖိန်ဖိန်တုန်အောင်ကြောက်ရတဲ့ တပ်ဖွဲ့ကြီးတစ်ခုဖြစ်ခဲ့တာပါ။ ဒါပေမဲ့ SS တပ်ဖွဲ့ကကျတော့ ဒီလိုမဟုတ်ဘူး။ 1934 ခုနှစ် ဗိုလ်ချုပ်ကြီးဟန်းဗွန်ဆက်ကွယ်လွန်ပြီးတဲ့နောက်မှာ နာဇီပါတီက ဟစ်တလာအာဏာရရှိလာပြီး ပါတီလက်ကိုင်ဒုတ်အဖြစ် လူမိုက်ဆန်ဆန်ကောင်တွေနဲ့ဖွဲ့စည်းထားတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ တစ်ခုပဲဖြစ်ပါတယ် ဒါပေမဲ့နောက်ပိုင်းမှာအကြီးအကျယ်အင်အားကြီးလာပြီး  SS တပ်ရဲ့အင်အားဟာ ကိုးသိန်းဝန်းကျင်အထိရှိလာခဲ့ပါတယ်။

          ဒီတပ်ဖွဲ့နှစ်ခုဟာ အယူအဆချင်းလည်းမတူတာကြောင့်အချင်းချင်းလည်းမတည့်ကြပါဘူး။ ဂျူးတွေကိုဖမ်းဆီးသတ်ဖြတ်တဲ့ကိစ္စမှာတောင် ဟစ်တလာက ကြည်းတပ်ကိုတာဝန်ပေးခဲ့ပေမဲ့ ကြည်းတပ်က နှစ်ကျပ်ကွက်နင်းနေတာကြောင့် နောက်ပိုင်း  SS တပ်တွေကတာဝန်ယူခဲ့တာပါ။ တိုက်ပွဲတစ်ခုမှာ တပ်ခေါင်းဆောင်တွေထိပ် စစ်ဦးကတိုက်ခိုက်တာက သူရဲကောင်းဆန်တယ်လို့  SS ဗိုလ်တွေက ယုံကြည်ကြပေမဲ့ မလိုအပ်ပဲအသေခံတာက Pro မဆန်ဘူးလို့ ကြည်းတပ်ကအမြဲဝေဖန်တတ်ပါတယ်။ 1941 ခုနှစ် ဧပြီလ ဘဲလ်ဂရိတ်တိုက်ပွဲမှာ SS တွေကြောင့်အရပ်သား ၂၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ကိစ္စကြောင့် ဂျာမန်ကြည်းတပ်နဲ့ SS တပ်ဖွဲ့တွေအကြီးအကျယ်စကားများကြပါသေးတယ်။ ဒီကစတင်ပြီး ကွဲခဲ့ကြတဲ့အကွဲဟာ The Last Battle နာမည်ကျော်တဲ့ တိုက်ပွဲအထိပါပဲ။

           1945 ခုနှစ် မေလမှာ အမေရိကန် အမှတ် ၂၃ တင့်ကားတပ်ရင်းဟာ သြစတေးယားနိုင်ငံအတွင်းက နာဇီအကျဉ်းထောင်ဖြစ်နေတဲ့ အီတာရဲတိုက်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ ချီတက်လာခဲ့ပါတယ်။ ဒီရဲတိုက်ဟာ မူလက  SS တပ်တွေရဲ့လက်အောက်မှာရှိနေပြီး အကျဉ်းစခန်းမှာ ပြင်သစ်ဒိတ်ဒိတ်ကျဲခေါင်းဆောင်တွေကို ထိန်းသိမ်းထားဖို့အသုံးပြုခဲ့တာပါ။ အမေရိကန်တွေရဲတိုက်ကို မရောက်ခင် ရက်ပိုင်းအလိုမှ ဘာလင်တိုက်ပွဲကြီးရှုံးနိမ့်သွားပြီး အဓိပတိဟစ်တလာကိုယ်တိုင် သက်သေသွားပြီလို့ သတင်းကြားတာကြောင့် စခန်းတာဝန်ခံ  SS တွေဟာ စခန်းကိုစွန့်ခွာပြီး ထွက်ပြေးသွားကြပါတယ်။ ဒီအချိန်စခန်းမှာကျန်ခဲ့တာက ဂျာမန်ကြည်းတပ်က ဗိုလ်မှူး ဂျိုးဆပ်ဂန်ဂယ်လ်နဲ့ သူ့ရဲ့တပ်သားတွေပဲကျန်ပါတော့တယ်။ ဂန်ဂယ်လ်ရဲ့တပ်ဖွဲ့ဟာ လူအင်အားနည်းတာကြောင့် ရဲတိုက်ရဲထိပ်မှာ အလံအကြီးကြီးတစ်ခုကို လွှင့်တင်ထားပြီး လက်နက်တွေအသင့်ပြင်ကာ နောက်ထပ်ရောက်လာမဲ့ရန်သူကို နောက်ဆုံးအကြိမ်တိုက်ခိုက်ဖို့ ပြင်ဆင်ထားပါတော့တယ်။

ဗိုလ်မှူးဂျိုးဆပ်ဂန်ဂယ်လ်        

 ချီတက်လာတဲ့ အမေရိကန်တပ်ဗိုလ် ဗိုလ်ကြီးဂျက်လီးဟာ ဘာလင်မှာ ဂျာမန်တွေရှုံးနိမ့်သွားပြီဆို တာသိတဲ့အတွက်ကြောင့် ဒီရဲတိုက်ကိုသိမ်းပိုက်မဲ့တိုက်ပွဲမှာ အမေရိကန်တပ်သားတွေထပ်မံ ကျဆုံးတာမျိုး မဖြစ်ချင်တာကြောင့် ဂန်ဂယ်လ်ရဲ့တပ်ဖွဲ့နဲ့ ဆက်သွယ်ပြီးရဲတိုက်ကာကွယ်ရေးအတွက် ပူးပေါင်းပြင်ဆင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ရဲတိုက်အတွင်းက နာမည်ကြီးပြင်သစ်ခေါင်းဆောင် တွေကိုမထိခိုက်ချင်တာကတစ်ကြောင်း အမေရိကန်တွေနဲ့ ယှဉ်တိုက်ဖို့မဖြစ်နိုင်တာကလည်း တစ်ကြောင်းမို့ ဂန်ဂယ်လ်ဟာ ဂျက်လီးရဲ့ ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီး အမေရိကန် ဂျာမန်မဟာမိတ်အဖြစ်လက်တွဲလိုက်ကြပါတော့တယ်။

အီတာရဲတိုက်       

  ဒါပေမဲ့ စခန်းကိုစွန့်ခွာထွက်ပြေးသွားတဲ့  SS တပ်ဖွဲ့တွေဟာ သူတို့ရဲ့ဗီဇအတိုင်းပဲ စခန်းမှာကျန်နေခဲ့တဲ့ ဂျာမန်တပ်ဖွဲ့နဲ့ စစ်အကျဉ်းသားတွေကိုသတ်ဖြတ်ဖို့ အနီးနားကလက်ကျန်  SS တပ်တွေကိုပါစုစည်းပြီး အင်အား ၂၀၀ လောက်နဲ့ ရဲတိုက်ဆီကိုတဖန်ပြန်လည်ချီတက် လာခဲ့ကြပါတယ်။ ဒါကြောင့် ဂျာမန်တပ်မတော်ရဲ့ဗိုလ်မှူး ဂန်ဂယ်လ်နဲ့ အမေရိကန်တပ်ဖွဲ့ရဲ့ ဗိုလ်ကြီးဂျက်လီးတို့ဟာ အချင်းချင်းလက်တွဲပြီး  SS တွေကို ခုခံဖို့ပြင်ဆင်ရပါတော့တယ်။ 1945 ခုနှစ် မေလ 4 ရက်နေ့ မနက်အစောပိုင်းမှာ  SS တပ်ဖွဲ့က ရဲတိုက်ကိုဝင်တိုက်ခိုက်ပြီး အမေရိကန်တင့်တပ်ဖွဲ့နဲ့ ဂျာမန်ကြည်းမတော်တို့ဟာ အသည်းအသန်ခုခံခဲ့ရပါ တယ် အကြောင်းကတော့  SS တွေက ၈၈မမ တင့်ဖျက်အမြောက်ကြီးတွေကိုသယ်ဆောင်လာခဲ့လို့ပါ။ မနက်နေထွက်ချိန်မှာတော့ အမေရိကန်တင့်တပ်ဖွဲ့က တင့်ကားတွေဟာ  SS တွေရဲ့ ၈၈ မမ တင့်ဖျက် အမြောက်တွေရဲ့အောက်မှာ မရှုမလှရှုံးနိမ့်သွားပြီး  SS တွေရဲကျားထိုးတိုက်ခိုက်ခြင်းကို ဂျာမန်တပ်မတော် က အပြင်းအထန်ခုခံခဲ့ရပါတယ်။

          SS တွေရဲ့ ပထမအကြိမ်ကျားတက်ထိုးခြင်းကို ဂျာမန်ကြည်းတပ်က ခုခံလိုက်နိုင်ပေမဲ့လည်း ဗိုလ်မှူးဂန်ဂယ်လ်ကတော့  SS စနိုက်ပါတပ်ဖွဲ့တွေရဲ့ပစ်ခတ်ခြင်းကိုခံရပြီး ကျဆုံးသွားပါတယ်။ ဒီအချိန်မှာ ရဲတိုက်ကလက်ကျန်တပ်ဖွဲ့တွေကိုအကူအညီပေးဖို့ သြစတေးယားမြေအောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ အမေရိကန်တင့်တပ်မှ တင့်ကားတွေကပူးပေါင်းတိုက်ခိုက် ပေးခဲ့တဲ့အတွက်ကြောင့်  SS တွေပြန်လည် ဆုတ်ခွာသွားခဲ့ရပါတယ်။ ဒီတိုက်ပွဲဟာ အချိန်အားဖြင့် ၉ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး ကမ္ဘာ့စစ်သမိုင်းမှာ ဂျာမန်နဲ့အမေရိကန်တွေပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တစ်ခုတည်းသောတိုက်ပွဲအဖြစ်မှတ်တမ်းတင်ခဲ့ပြီး ကျဆုံးသူဗိုလ်မှူး ဂျိုးဆပ်ဂန်ဂယ်ရဲ့ ဝန်ဂယ်မြို့မှာသင်္ဂြိုလ်ခဲ့ပါတယ်။ ဂန်ဂယ်နဲ့သူရဲ့ရဲရင့်တဲ့ ဂျာမန်ကြည်းတပ်က တပ်သားတွေအကြောင်း ကို ဂျာမန်ပြည်သူတွေက နောက်ပိုင်းမှာ သီချင်းရေးဖွဲ့ဂုဏ်ပြုခဲ့ပြီး ဝန်ဂယ်မြို့မှာလည်း ဂါဂယ်လမ်းဆိုပြီး အမည်ပေးဂုဏ်ပြုခဲ့ကြပါတယ်။

 

Latest Articles