တတိယတရုတ်-မြန်မာစစ်ပွဲတွင် ဧကရာဇ်၏သားမက်တော် စစ်ဘုရင်မင်ယွီကျဆုံးသွားပြီးနောက် ဧကရာဇ်သည်အခဲမကျေနိုင်ဘဲ ချင်းလုံဧကရာဇ်၏သက်တမ်းတစ်လျှောက်တွင်...
တတိယတရုတ်-မြန်မာစစ်ပွဲတွင် ဧကရာဇ်၏သားမက်တော် စစ်ဘုရင်မင်ယွီကျဆုံးသွားပြီးနောက် ဧကရာဇ်သည်အခဲမကျေနိုင်ဘဲ ချင်းလုံဧကရာဇ်၏သက်တမ်းတစ်လျှောက်တွင်အကြီးမားဆုံးထိုးစစ်ကြီးများတွင်တစ်ခုအပါအဝင်ဖြစ်လာမည့် မြန်မာပြည်သိမ်းတိုက်ပွဲကြီးကို ထပ်မံပြင်ဆင်လေတော့သည်။ (ချင်းလုံဧကရာဇ်၏သက်တမ်းတစ်လျှောက်တွင် အကြီးမားဆုံးထိုးစစ် (၁၀)ကြိမ်သာရှိပါသည်)
၁၇၆၈ ခုနှစ်နှစ် ဆောင်းဦးရာသီအစတွင် တရုတ်ဧကရာဇ်၏အတိုင်ပင်ခံအမတ်ကြီးဖူဟင်း(မင်ယွီ၏ဦးလေးတော်စပ်သူ) ဦးဆောင်ပြီး အလံကိုင်တပ်(၈)တပ်တွင် အင်အားအတောင့်တင်းဆုံးနှင့်တိုက်ရည်ခိုက်ရည်အရှိ ဆုံးအနီရောင်အလံကိုင်တပ်၊ အစိမ်းရောင်တပ်တော်များအပြင် ဖူရှန်ရေတပ်များအပါအဝင် အင်အား ၄ သိန်းကျော်ခန့်ဖြင့် ယူနန်နယ်တွင်ထိုးစစ်ကြီးကိုစတင်ရန်ပြင်ဆင်တော့သည်။
ထိုအချိန်တွင် အင်းဝဘုရင့်နေပြည်တော်တွင် ဆင်ဖြူရှင်မင်းသည် တတိယတရုတ်-မြန်မာစစ်ပွဲတွင် ရရှိလိုက်သည့် တရုတ်မြင်းတပ်မများ(အပြာရောင်အလံကိုင်တပ်)၏ လျှပ်တစ်ပျက်ထိုးစစ်ကို သင်ခန်းစာယူ၍ ၄◌င်းတို့ထံမှသိမ်းဆည်းရမိသော သေနတ်များဖြင့် စစ်ကဲကြီးတိမ်ကြားမင်းခေါင်ဦးဆောင်၍ နိုင်ငံခြားသားပညာရှင်များ၏သင်ကြားမှုများဖြင့် မြန်မာ့မြင်းစီးသေနတ်ကိုင်တပ်ကိုဖွဲ့စည်းလေ့ကျင်နေသည့်အချိန်ဖြစ်လေသည်။ ထို့အပြင်ယခင်စစ်ပွဲမှရရှိခဲ့သောသင်ခန်းစာများအရ အရှေ့မြောက်ဒေသ၏နာမည်ကျော်ခံတပ်ကြီးဖြစ်သည့် ကောင်းတုံခံတပ်ကြီးအား အင်အားဖြည့်တင်းခြင်း၊ သိန္နီနှင့်ကျိုင်းတုံတို့တွင် ရိက္ခာလက်နက်မှာ သိုလှောင်ထားစေခြင်း၊ နယ်ခြားရှေ့ပြေးတပ်များစေလွှတ်ကာ နယ်ခြားဒေသများအား အစဉ်မပြတ်ထောက်လှမ်းခြင်းလုပ်ငန်းများအားဆောင်ရွက်လျှက်ရှိသည်။
အမတ်ကြီဖူဟင်းသည် ခရစ်နှစ် ၁၇၆၈ ခုနှစ် အောက်တိုလနှောင်းပိုင်းတွင် မြန်မာပြည်တွင်းသို့စစ်ကြောင်းကြီး (၃)ကြောင်းခွဲ၍ ချီတက်လာလေတော့သည်။ ဖူဟင်း၏အစီအစဉ်အမှတ် အမှတ်(၁)စစ်ကြောင်းအင်အား(၂)သိန်းခန့်ကို ၄◌င်းကိုယ်တိုင်ဦးစီး၍ ဧရာဝတီမြစ်အထက်ပိုင်းမှတစ်ဆင့် အင်းဝသို့ချီတက်တိုက်ခိုက်ရန်၊ အမှတ်(၂)စစ်ကြောင်းကို အင်အား(၂)သိန်းခန့်ဖြင့် ယခင်နည်းလမ်းများအတိုင်း ဗန်းမော်ကိုချီတက်တိုက်ခိုက်ပြီး ကောင်းတုံခံတပ်ကိုဝန်းရံတိုက်ခိုက်ရန် ထိုအချိန်တွင် ရွှေညောင်ပင်ဒေသတွင် စစ်အခြေစိုက်စခန်းကြီးတည်ဆောက်ထားရန်။ အမှတ်(၃)စစ်ကြောင်းတွင်မူ အင်အား(၅၀၀၀၀)ခန့်သာပါဝင်၍ တရုတ်တပ်များ၏ထောက်ပံ့ရေးကိစ္စများကိုတာဝန်ယူဆောင်ရွက်ရန်။ ဖူရှန်ရေတပ်သည် အမှတ်(၂) စစ်ကြောင်း ဖြင့်လိုက်ပါ၍ ဗန်းမော်အားသိမ်းပိုက်ရရှိပါက ရေတပ်အုပ်ကိုတည်ဆောက်ရန် တည်ဆောက်ပြီးစီးပါက ကောင်းတုံခံတိုက်ကိုတိုက်ခိုက်နေမည့် အမှတ်(၂)စစ်ကြောင်းအားကူညီပေးရန်စသည်ဖြင့် အစီအစဉ်ဆွဲကာ ချီတက်လာလေတော့သည်။ ၄◌င်းအချိန်တွင် မြွေပူရာကင်းမှောက်ဆိုသလို ယိုးဒယားနှင့် မဏိပူရနယ်များတွင်လည်း သူပုန်များပုန်ကန်ထကြွလျှက်ရှိသောအချိန်ဖြစ်လေသည်။
ဖူဟင်းသည်၄◌င်း၏အစီအစဉ်အတိုင်း အမှတ်(၁)တပ်ကြီးကို ဧရာဝတီမြစ်ညှာသို့တိုက်ရိုက်ချီတက်လာစေ ပြီး အမှတ်(၂)တပ်မှာ ဗန်းမော်ကိုတိုက်ခိုက်ရာ အလွယ်တကူပင်သိမ်းပိုက်ရရှိသဖြင့် ဖူရှန်ရေတပ်ကို ထားခဲ့ပြီး ကောင်းတုံကိုတိုက်ခိုက်ရန် ဆက်လက်ချီတက်လာလေသည်။ အမှတ်(၂)စစ်ကြောင်းတွင် စစ်သည် ၂ သိန်းခန့်ပါဝင်သော်လည်း ကောင်းတုံခံတပ်ကြီးတွင် စစ်သည် ၂ သောင်းခန့်သာရှိလေသည်။ တရုတ်များ ပြည်တွင်းသို့ရောက်ရှိနေပြီဟုသတင်းရရှိခြင်း ဆင်ဖြူရှင်မင်း၏ ကာကွယ်ရေးဝန်ကြီးအသစ်ဖြစ်လာသည့် မင်းကြီးမဟာသီဟသူရသည် ၄◌င်းကြိုတင်ပြင်ဆင်ထားသောတပ်များအား စစ်ကြောင်းများခွဲ၍ စေလွှတ်လိုက်လေသည်။
မြန်မာတို့ဘက်မှ ဧရာဝတီမြစ်ညှာသို့ အမြောက်ဝန်ကြီးဦးဆောင်သော တပ်(၁၂)တပ် ဆင် ၁၀၀ မြင်းတပ်နှင့်ခြေလျှင်တပ်ပေါင်း ၃၀၀၀၀ ခန့်ရှိသောတပ်အား မိုးညှင်းစော်ဘွား၊ မိုးမိတ်စော်ဘွားများပြင်ဆင်ထားသောတပ်နှင့်ပူးပေါင်း၍ ဖူဟင်းနှင့်ရင်ဆိုင်ရန်စေလွှတ်လိုက်သည် သို့သော်လည်းစုစုပေါင်းထိုတပ်တွင်စုစုပေါင်း အင်အား ၅၀၀၀၀ ခန့်သာရှိမည်ဖြစ်သည်။ စစ်သူကြီးစံလှကြီးဦးဆောင်သည့်မြန်မာ့ရေတပ်အား အမြောက်တင်တိုက်လှေကြီး ၁၂၀ ရေတပ်သားအင်အား ၅၀၀၀ ခန့်ဖြင့် ဧရာဝတီမြစ်အတိုင်းမြစ်ညှာသို့တိုက်ရိုက်ချီတက်စေသည်။ ပထမပင်မစစ်ကြောင်းအဖြစ် ဝင်းမှူးနေမျိုးစည်သူဦးစီးသောရေတပ်အား အမြောက်တင် တိုက်လှေကြီး ၂၀၀ တိုက်လှေငယ် ၂၅၀ အသေခံလှေငယ် ၁၀၀ အင်အား ၅၀၀၀၀ ရှိသောရေတပ်ကြီးသည် ဗန်းမော်သို့ တိုက်ရိုက်ချီတက်လာလေသည်။ ဒုတိယပင်မစစ်ကြောင်းအဖြစ် မင်းကြီးမဟာသီဟသူရကိုယ်တိုင်ဦးစီး၍ တပ်ပေါင်း(၅၀) စစ်သည် (၅၀၀၀၀) ဆင်တပ်နှင့်မြင်းတပ်ကိုဦးစီးကာ ဗန်းမော်သို့ ဧရာဝတီမြစ်ရိုးအတိုက်ချီတက်လေတော့သည်။
ထိုအချိန်တွင် ဧရာဝတီမြစ်ညှာပိုင်းမှ မြစ်ကိုဖြတ်ကူးရန်အကြံကြီးခဲ့သော အမတ်ကြီးဖူဟင်း၏တပ်များသည် မြစ်ကိုဖြတ်ကူးရန်တံတားထိုးလိုက် အသင့်စောင့်ဆိုင်းနေသော မြန်မာတပ်များမှ အမြောက်နှင့်ပစ်ခတ်ခြင်းကိုခံရလိုက်၊ အမြောက်မမီသောနေရာတွင်တံတားထိုးလိုက် စံလှကြီး၏ရေတပ်၏ရုတ်တရက် တိုက်ခိုက်ခြင်းကိုကြုံရလိုက်ဖြင့် မြန်မာပြည်မြောက်ပိုင်းရှိတောထဲတွင် လုံးလည်ချာလည်လိုက်နေတော့သည်။ စိတ်မရှည်တတ်သောဖူဟင်းသည် မြစ်ညှာမှဖြတ်ကူးရန် စိတ်မကူးတော့ဘဲ ဗန်းမော်ဘက်သို့ ပြန်လည်ချီတက်လာလေသည်။ ထိုအချိန်တွင် အမှတ်(၂)တရုတ်တပ်များသည် ကောင်းတုံခံတပ်ကြီးအား အမြောက်များဖြင့်ပစ်ခတ်၍ အပြီးတိုင်သိမ်းနိုင်ရန်ကြိုးစားလျှက်ရှိသောလည်း ခံတပ်မှူးနှင့် တပ်သားများ၏ အပြင်းအထန်ခုခံမှုများကြောင့် အနီရောင်အလံကိုင်တပ်များ၏ကြိုးစားမှုသည် အရာမထင်ဖြစ်နေကြောင်း သိရှိသောအခါ ဗန်းမော်ရှိဖူရှန်ရေတပ်ကို ကောင်းတုံအားဝန်းရံစေပြီး ဖူဟင်းကိုယ်တိုင်ကောင်းတုံသို့ဆင်း လာလေသည်။
သို့သော်လည်း ဖူရှန်ရေတပ်သည်ကောင်းတုံကိုကြာကြာမဝိုင်းလိုက်ရ ဖူဟင်း၏နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသော စံလှကြီး၏ရေတပ်ကလိုက်နှောက်ယှက်သဖြင့် မြစ်အောက်ပိုင်းသို့ ဆက်လက်စုန်ဆင်းရပြန်လေသည်။ သို့သော်၄◌င်းသည်ကပင် တရုတ်ဖူရှန်ရေတပ်၏ကံခေမှုကြီးပင်ဖြစ်လေသည်။ လှေအစီး(၅၀၀)ခန့်ရှိသော ဖူရှန်ရေတပ်သည် ဧရာဝတီမြစ်အတိုင်းဆန်တက်လာသော နေမျိုးစည်သူဦးစီးသည့်အမှတ်(၁)ပင်မစစ်ကြောင်းရေတပ်ကြီးနှင့်တည့်တိုးလေတော့သည်။ တရုတ်တို့၏ တိုက်လှေများသည် အနံပေ(၂၀)ခန့်သာကျယ်သည့်မြစ်တွင်းသွားလှေများဖြစ်၍ မြန်မာတို့၏ အမြောက်တင်တိုက်လှေကြီးများသည် အနံပေ(၅၀)အထိကျယ်သောကြောင့် ဆင်နှင့်ဆိတ်အားရင်ဆိုင်ခိုင်းသကဲ့သို့ဖြစ်သဖြင့် ဖူရှန်ရေတပ်ကြီးလုံးဝ ပျက်စီးသွားလေတော့သည်။
ထို့အချိန်တွင် စစ်ကဲကြီးတိမ်ကြားမင်းခေါင်ဦးစီးသောကြားဖြတ်တပ်ကြီးသည် သေနတ်ကိုင်မြင်းတပ် ၃၀၀၀ စစ်သည် ၁၅၀၀၀ ဖြင့် မိုင်းရှူးရှိ တရုတ်ရိက္ခာထောက်တပ်အားတိုက်ခိုက်ရန်ချီတက်လာလေသည်။ ထို့နောက်ဗန်းမော်သို့အလစ်အငိုက်ဖမ်း၍ချီတက်ကာ တရုတ်ရိက္ခာကျီများအား မီးရှိ့ဖျက်ဆီးလိုက်ပြီး ဗန်းမော်မြောက်ဘက်ပိုင်းအမှတ် တရုတ်အမှတ်(၃)စစ်ကြောင်းဖြစ်သည့် ရိက္ခာထောက်တပ်မကြီးအား ပျောက်ကြားစစ်ဖွဲ၍ နှောင့်ယှက်လေတော့သည်။ ၁၇၆၉ ခုနှစ်တွင် တရုတ်အမှတ်(၃)စစ်ကြောင်းသည် ရိက္ခာပေးပို့ရန် လုံးဝမဖြစ်နိုင်တော့သည့်အခြေအနေဖြစ်သဖြင့် တပ်များနုတ်ကာ ကူမင်းသို့ပြန်လည်ဆုတ်ခွာသွားလေသည်။
အမှတ်(၃)စစ်ကြောင်းဆုတ်သွားပြီးသည့်နောက် ကြားဖြတ်တပ်ကြီးနှင့် မြန်မာ့ရေတပ်ကြီးတို့သည် ဗန်းမော်မှတစ်ဆင့် တရုတ်တို့၏ပင်မအခြေစိုက်စခန်းကြီးဖြစ်သည့် ရွှေညောင်ပင်ခံတပ်ကြီးအားတိုက်ခိုက်ရန် ပြင်ဆင်လေတော့သည်။ မြန်မာတို့ချီတက်လာသည်ကိုသိသော ရွှေညောင်ပင်ရှိတရုတ်တပ်များသည် စစ်သူကြီးတာဟိုက်ရည်ဦးဆောင်၍မြင်းတပ် ၅၀၀၀ ဖြင့်ထွက်တိုက်ရာ မြန်မာ့သေနတ်ကိုင်မြင်းတပ်များက ဝိုင်းဝန်ပစ်ခတ်သဖြင့် ၄◌င်းတိုက်ပွဲတွင် အနီးကပ်တိုက်ခိုက်လိုက်ရခြင်းမရှိဘဲ စစ်သူကြီးတာဟိုက်ရည်နှင့် တရုတ်မြင်းတပ် ၅၀၀ ခန့်သာလွတ်၍ အခြားသူများအားလုံးကျဆုံးကုန်လေတော့သည်။ သို့သော်လည်း တိမ်ကြားမင်းခေါင်သည် ရွှေညောင်ပင်ခံတပ်အား ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ဝန်းရံမြဲသာရံနေလေသည်။
တရုတ်တပ်များ အင်အားချိနဲ့နေပြီကိုခန့်မှန်းမိသော မင်းကြီးမဟာသီဟသူရသည် ပင်မခံတပ်ကြီးဖြစ်သော ရွှေညောင်ပင်အား လေးဖက်လေးတန်ညှပ်တိုက်ရန်နေမျိုးစည်သူတပ်၊ တိမ်ကြားမင်းခေါင်တပ်တို့အား အမိန့်ပေးလိုက်လေတော့သည့်။ ရွှေညောင်ပင်အားတိုက်ခိုက်နေသည့်အချိန်တွင် မြန်မာ့ပင်မတပ်ကြီးသည် စံလှကြီး၏ရေတပ်နှင့်ပူးပေါင်းကာ ကောင်းတုံခံတိုက်အားတိုက်ခိုက်နေသည့် တရုတ်တပ်များအား ဝင်ရောက်တိုက်ခိုက်လေတော့သည်။ ခရစ်နှစ် ၁၇၆၉ ခုနှစ် ဇန်နဝါရီလတွင် စတင်တိုက်ခိုက်လိုက်သော မြန်မာတို့၏ထိုးစစ်ကြောင့် တရုတ်တို့၏ရွှေညောင်ပင်ခံတပ်ကြီးပျက်စီးသဖြင့် ဖူဟင်းသည်ကောင်းတုံခံတပ်အားဝိုင်းထားသည့် တပ်များအားဆုတ်ခွာ၍ ကောင်းတုံ၏ အနီးတွင် အင်အား ၃ သိန်းခန့်ရှိသောစစ်တပ်ကြီးနှင့်တပ်တည်၍နေပြန်သည်။
တရုတ်တပ်များအား ဝိုင်းမိနေပြီကိုသိသော်လည်း မိမိတို့ထက်အင်အားကြီးမားသေးသောကြောင့် မင်းကြီးမဟာသီဟသူရသည်တရုတ်တို့အား ချက်ခြင်းတိုက်ခိုက်ခြင်းမပြုသေးဘဲ ၄◌င်းတို့ရိက္ခာရရှိမည့်လမ်းကြောင်းများအားလုံးအားပိတ်ဆို့ထားလေရာ နောက်ဆုံးတွင် အင်အား ၃ သိန်းရှိသော တရုတ်တပ်တွင် သောက်စရာရေပင်နည်းပါးလာသောအခြေအနေအထိဖြစ်လာရလေသည်။ ဤအခြေအနေကိုတရုတ်ဧကရာဇ်မှ သိသောအခါ ၄◌င်း၏တပ်များအားပြန်လည်ဆုတ်ခွာရန် အမိန့်ပေးလေတော့သည်။ ဤတွင် တရုတ်စစ်သူကြီးများခေါင်းချင်းရိုက်၍တိုင်ပင်ရသည်မှာ ယခုအချိန်မှ အတင်းတိုက်ခိုက်၍ ဆုတ်ခွာသော် စားစရာမရှိသော ၄◌င်းတို့၏တပ်များသည်လည်း မင်ယွီကဲ့သို့ပင်အဆုံးသတ်သွားမည်ဖြစ်သည်။ သို့သော် ဧကရာဇ်၏အမိန့်ကြောင့်မဆုတ်ခွာ၍လည်းမရ။ ထို့ကြောင့်ဖူဟင်းသည့် ကွေ့မြို့စားအား မြန်မာတပ်များထံ စေလွှတ်ကာစစ်ပြေငြိမ်းလိုကြောင်းတောင်းဆိုလိုက်ရလေသည်။ မြန်မာတို့ဘက်မှ စဉ်းစားဦးမည်ဟုဆိုကာ တစ်ပတ်ခန့်အချိန်ဆွဲထားလိုက်လေသည်။
စင်စစ်တွင် ဆက်လက်၍ တိုက်ခိုက်ပါကမိမိတို့ဘက်မှသေချာပေါက်အနိုင်ရမည်ကိုသိရှိသော်လည်း မင်းကြီးမဟာသီဟသူရသည် တရုတ်နှင့်မြန်မာတို့၏ကာလရှည်စစ်ပွဲများကြားတွင် မြန်မာစစ်သည်များ စစ်ညောင်းနေပြီကို စဉ်းစားမိပြီး နှစ်ပြည်ထောင်ယခင်ကဲ့သို့ပင် မိတ်ဖွဲ့နေထိုင်နိုင်ရန် ဆုံးဖြတ်ကာ လက်အောက်ခံတပ်မှူးများတားနေသည့်ကြားမှပင် စစ်ပြေငြိမ်းရန်သဘောတူလိုက်လေသည်။ တရုတ်တို့သည် မြန်မာတို့ဘက်မှ သဘောတူညီချက်ရလျှင်ရချင်းစစ်ပြေငြိမ်းမည့်အကြောင်းဧကရာဇ်ထံ ဆတ်သားလွှတ်၍ လျှောက်တင်စေလေသည်။ သို့သော် တရုတ်ဧကရာဇ်ဆီမှပြန်လည်ရောက်ရှိလာသည့် စစ်ပြေငြိမ်းစာတွင် "မြန်မာတို့သည်ဆွေစဉ် ၇ ဆက် အသတ်ခံရနိုင်အောင်အပြစ်ကြီးမားသော်လည်း တရုတ်ဧကရာဇ်မှ ညှာတာထောက်ထားသဖြင့် စစ်ပြေငြိမ်းပေးလိုက်သည်" ဟုအဓိပ္ပာယ်ရှိသောစာသားပါဝင်နေသည်။
သံတမန်ရေးတွင်ကျွမ်းကျင်သောအမတ်ကြီးဖူဟန်သည် ၄◌င်းစာအတိုင်းရေးသော် တရုတ်တပ်တို့၏ သင်္ချိုင်းသည်မြန်မာ့မြေအတွင်းဖြစ်တော့မည်ဟု စိုးရိမ်လျှက် မြန်မာဘာသာဖြင့်ရေးသားထားသော စစ်ပြေငြိမ်းစာတွင် ထိုသို့အဓိပ္ပာယ်ရသောစာကိုဖျောက်ဖျက်ထားပြီး တရုတ်ဘာသာဖြင့်ရေးသားထားသော စစ်ပြေငြိမ်းစာတွင်သာ ထည့်သွင်းရေးသားထားလေသည်။ တရုတ်-မြန်မာစစ်ပြေငြိမ်းသဘောတူညီချက်ကို မြန်မာသက္ကရာဇ် ၁၁၃၁ ခုနှစ် နတ်တော်လဆန်း ၁၄ ရက် (ခရစ်နှစ် ၁၇၆၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ )ရက်နေ့တွင် ကောင်းတုံခံတပ်တွင်ချုပ်ဆိုလိုက်ကြလေသည်။
စစ်ပြေငြိမ်းပြီးနောက်နှစ်ဖက်လက်ဆောင်များလဲလှယ်၍ တရုတ်တပ်များပြန်ဆုတ်ချိန်တွင် ၄◌င်းတို့ပါလာသော လက်နက်များအားလုံးအားမြန်မာတပ်များကသိမ်းဆည်း၍ နယ်စပ်အထိတိုင်အောင်မြန်မာတပ်များက လိုက်လံပို့ဆောင်ပေးလိုက်လေသည်။ ထိုအချိန်တွင် မြန်မာဘုရင့်နေပြည်တော်မှ ထိုစစ်ပြေငြိမ်းသည့်အကြောင်းသိရှိရသောအခါ ဘုရင်မင်းမြတ်၏သဘောမပါဝင်ပဲစစ်ပြေငြိမ်းလိုက်ခြင်းကတစ်ကြောင်း၊ ဗြဲတိုက်တော်တွင် တရုတ်ဘာသာတတ်မြောက်သူတို့နှင့် စစ်ပြေငြိမ်းစာအားဘာသာပြန်ကြည့်သောအခါ တရုတ်တို့၏ ကလိမ်ကကျစ်ကျထားသောအကြောင်းအရာအား ဆင်ဖြူရှင်မင်းသိသောအခါ အကြီးအကျယ်အမြတ်ထွက်၍ ရှေ့တမ်းရောက်နေသည့် မင်းကြီးမဟာသီဟသူရ၏မိသားစုဝင်များမှအစ မြန်မာ့တပ်တော်တွင် အောက်ဆုံးအဆင့်အကြီးအမှူးအဖြစ်သည့် သွေးသောက်များ၏မိသားစုဝင်များအထိ တရုတ်များပို့လိုက်သည့် လက်ဆောင်များအားရွက်ထားစေရန် ဒဏ်ပေးလေတော့သည်။ ရှေ့တမ်းရောက် တပ်များလည်း ထိုအကြောင်းကိုကြားသောအခါ နေပြည်တော်သို့ချက်ခြင်းပြန်မလာသေးဘဲ မဏိပူရသူပုန်များအား အကြီးအကျယ်နှိမ်နင်းပြလေသည်။ သို့သော်လည်း ဆင်ဖြူရှင်မင်းသည်အမြတ်ပြေခြင်းမရှိဘဲ မင်းကြီးမဟာသီဟသူရအား မြစ်ငယ်အရှေ့ဘက်ကမ်းရှိ ရွှေကြက်ယက်သို့ပို့ထားပြီး အတန်ကြာ၍ အမြတ်ပြေသောအခါမှပြန်ခေါ်လေသည်။ (ထိုမင်းလက်ထက်တွင် အမတ်ကြီးလက်ဝဲသုန္ဒရ၊ အမတ်ကြီးလက်ဝဲနော်ရထာတို့လဲ မဲဇာသို့နယ်နှင်ဒဏ်ပေးခဲ့ဖူးလေသည်။
တရုတ်ပြည်တွင်လည်း တရုတ်ဧကရာဇ်သည် မြန်မာများအားရှုံးနိမ့်ကြောင်း တရုတ်ရာဇဝင်တို့တွင်ရေးသား ထားခြင်းမရှိသော်လည်း ဖူဟင်းအားအာဏာများရုတ်သိမ်းခြင်း၊ ပါဝင်တိုက်ိခုက်ခဲ့သောစစ်သူကြီးများအား နယ်နှင်ဒဏ်ပေးခြင်း၊ အမှတ်(၃)တပ်တော်မှအရာရှိများအားလည်း သတ်သူသတ်၊ ကျွန်ပြုသူပြု စသောပြစ်ဒဏ်များချမှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် တရုတ်ပြည်သို့ အင်္ဂလိပ်၊ ဒတ်ချ်၊ ပြင်သစ်စသောနိုင်ငံများမှ အမျိုးမျိုးဝင်ရောက်နှောင့်ယှက်ခြင်းကြောင့် မြန်မာပြည်ဘက်သို့လှည့်နိုင်ခြင်းမရှိတော့ဘဲ တရုတ်ဧကရာဇ်၏ အာဏာသည်လည်း ၄◌င်းနေထိုင်ရာ တားမြစ်နန်းတော်အတွင်းတွင်သာ အာဏာတည်တော့သည့် အခြေအနေအထိဖြစ်သွားခဲ့ပါသည်။ ၄◌င်းတားမြစ်နန်းတော်နှင့်တရုတ်တို့၏နောက်ဆုံးမင်းဆက်အကြောင်း နောက်ထပ်စာစုတွင်မှ ဆက်လက်ဖော်ပြပါမည်။
ဤတွင် Sino-Burma War ဟုကမ္ဘာကျော်သော တရုတ်-မြန်မာစစ်ပွဲကြီးအဆုံးသတ်သွားပြီဖြစ်ပါသည်။ တရုတ်ရာဇဝင်အစောင်စောင်တွင် တရုတ်သို့သည် မြန်မာပြည်သို့ကျူးကျော်စစ် (၄)ကြိမ်ပြုခဲ့ရာတွင် တစ်ကြိမ်မှ ရှုံးနိမ့်ခဲ့ခြင်းမရှိကြောင်းသာဖော်ပြထားသည်မှာလည်း တရုတ်တို့၏ထူးခြားချက်(မျက်နှာပြောင်ချက်) ပင်ဖြစ်ပါသည်။
သက်တံ့နောင် (Wizardry Myanmar)